ဗန်းမောက်မြို့သိမ်းတိုက်ပွဲက စစ်သားများ၏ စိတ်ဓာတ် ပြိုကျနေမှုကို သက်သေပြဟု ဦးမင်းကိုနိုင်ပြော
ရန်ကုန်၊ စက်တင်ဘ ၂၁
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်- KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဗန်းမောက်မြို့သိမ်းတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ သိရှိလိုကြောင်း ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက ကျနော်တို့ မဦးစီးဘူး။ အဲဒါက NUG လက်အောက်မှာရှိတဲ့ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲတာပါ။ အဲဒါကြောင့် အဲဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့မှာ ဘာအချက်အလက်မှ ရှိမနေဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
လတ်တလော ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော SNA ရှမ်းနီတပ်များနှင့်စစ်သားများမှာ မြို့ပြင်တွင် စုဖွဲ့နေကြောင်း၊ မြို့တွင်းတွင်လည်း ကျန်ရစ်ခဲ့သော စစ်သားနှင့် ရှမ်းနီတပ်ဖွဲ့ဝင်များကို KIA PDF ပူးပေါင်း မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးအနေဖြင့် တိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စစ်တပ်နှင့် လက်အောက်ခံ SNA တပ်များက အင်အား ၁၀၀၀ ခန့်ဖြင့် ခုခံခဲ့သော်လည်း စစ်တပ်၏ ကာကင်းစခန်း ၇ ခု၊ ပင်မဌာနချုပ် တပ်ရင်း ၂ ခု တို့ကို တော်လှန်ရေးမဟာမိတ်တပ်များက စက်တင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒီမနက် ဗန်းမောက် မြို့ထဲရှင်းလင်းရေးလုပ်ရင်း လက်ကျန်စစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်တာရှိပါတယ်။ စစ်ခွေးစခန်းတွေတော့အကုန်ရပြီ ။ လူစုကွဲနေတဲ့ ခွေးတွေနဲ့တော့ ထိတွေ့မှုရှိတယ်။ သူတို့က မြို့ပြင်မှာ ပြန်စုဖွဲ့နေတာလည်း ရှိတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲသည် နွေဦးတော်လှန်ရေးအတွက်အင်အားဖြစ်ပြီး တော်လှန်ရေးအရှိန်အဟုန်သည် တရုတ်ဩဇာ ကင်းလွတ်သော အနောက်မြောက်ဆီသို့ အောင်မြင်စွာ ရွှေ့သွားခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သုံးသပ်သည်။
“ဗျူဟာအရ အချက်အချာ ကျတဲ့မြို့ပဲ။ တော်လှန်ရေးရဲ့ မုန်တိုင်းမျက်စိဟာ အနောက်မြောက်ဆီအောင် မြင်စွာရွှေ့ ခဲ့နိုင်ပြီ။ ဗန်းမောက်ကိုရလိုက်တာ မြို့တမြို့ရလိုက်တာ ထက်များစွာပိုတယ်။ စစ်ရေးသာမက ဘဏ္ဍာရေး သံတမန်ရေးတွေပါကြီးစွာသော သက်ရောက်မှုတွေ တော်လှန်ရေးဘက်က အပေါင်းလက္ခဏာရသွားတာပေါ့။ ဒီမြို့ဟာဗျူဟာအရအရေးပါတယ်ဆိုတာ ဖက်ဆစ်တပ်လည်းသိလို့ သူတို့အသက်တွေအများကြီးဖြုန်းခုခံခဲ့သေးတာပဲ။ ဒါပေမယ့် EROs အပါဝင်တော်လှန်ရေးစစ်ဖက်ခေါင်းဆောင်တွေက အစီအမံကောင်းတွေနဲ့အချိန်ယူအကျအနကြိုပြင်ဆင် ပြီးတိုက်တာ ဆိုတော့ ကာကင်းစခန်းကုန်းတွေတဝုန်းဝုန်းပြို၊ ဖက်ဆစ်တပ်သားတွေရဲ့စိတ်ဓာတ်တွေပါ လိုက်ပါပြိုကျကုန်တာ” ဟု ဦးမင်းကိုနိုင်က သုံးသပ်ပြောဆိုသည်။
ဗန်းမောက်မြို့သိမ်းအောင်ပွဲမှသည် ဆက်လက်၍ အောင်စိတ်များ သယ်ဆောင်ပြီး နွေဦးတော်လှန်ရေးကို ဆက်လက် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ထုတ်ဖော်ပြောဆိုသွားသည်။
