25.2 C
Yangon

ကန့်ဘလူ၊ ထီးလင်းနှင့် ပေါက်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ ၊ စာသင်ကျောင်းနှင့်နေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်ရာ စာသင်ကျောင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၂၄ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျီစုရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းအေး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒေါ်ရွှင် အသက် ၆၃ နှစ် ၊ ကိုမြင့်ဦး အသက် ၅၅ ၊ ကိုအောင်ရှမ်အသက် ၄၀ ၊ ကိုဝိုင်းစိန် အသက် ၂၀ ၊ ဒေါ်ပိန် အသက် ၅၄ ၊ ဇီထွန်း အသက် ၂၃ ၊ မီးမီး အသက် ၂၀ ၊ တင်ဆန်းဝင် အသက် ၂၁ နှင့် ပုတို အသက် ၂၁ နှစ်ခန့် အပါအဝင် ပြည်သူ ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စာသင်ကျောင်းနှင့် နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျီစုရွာမှာ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်တဲ့ စာသင်ကျောင်းကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၁ ဦးသေဆုံးပြီးတော့ ၁၇ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ထီလင်းမြို့နယ် အစပ်ရှိ ပုံတောင်တောင်ကြောကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၃၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် နှင့် ထီလင်းမြို့နယ် အစပ်ရှိ ပုံတောင်တောင်ကြော တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ဗုံး ၃၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ Y-12 နဲ့ ဗုံး ၃၁ လုံးကျဲချ တိုက်ခိုက်သွားတယ်။ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ရှောင်နေရတယ်။ ပြည်သူတွေ အနေနဲ့ လေကြောင်း အန္တရာယ် ကာကွယ်ရေး ထုတ်ပြန်ချက်များကို လိုက်နာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article