ရန်ကုန်၊ စက်တင်ဘာ ၂၃
စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ်အသီးသီးတွင် ယှဉ်ပြိုင်မည့် လွှတ် တော်ကိုယ်စားလှယ်လောင်း စာရင်းများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံတင်ပြရပြီး ခွင့်ပြုချက်ရယူရကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ စစ်တပ်ကဘက်မှ ဗိုလ်ချုပ် အများအပြားကို မိုးကျရွှေကိုယ်အဖြစ် ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင်က စေလွှတ်ခဲ့ကြောင်း၊ ယင်းစစ်အရာရှိများအတွက် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အများအပြား ချန်ထားပေးရသည့်အပြင် ယခုနောက်ဆုံး ကြံ့ဖွတ်ပါတီ၏ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို မင်းအောင်လှိုင်ထံသို့ တင်ပြ ခွင့်ပြုချက်ရယူကြောင်း သိရှိရသည်။
” ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း အပြီးသတ်ကို ဗိုလ်ချုပ်မှူးကြီးဆီ တင်ထားပြီ။ ခွင့်ပြုချက်ယူရတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းက တပ်မတော်က လာတဲ့သူတွေအတွက် ချန်ရတဲ့အပြင် အားလုံးက ပါတီဗဟိုကပဲ အဓိက ဆုံးဖြတ်လိုက်တယ်။ အောက်ခြေက တင်တဲ့သူ ရှိပေမယ့် ပါတီဗဟို CEC ကပဲ ဆုံးဖြတ်ပြီး တင်လိုက်တာ။ ဘယ်သူတွေ ရွေးကောက်ပွဲဝင်ပါ၊ ဘယ်သူတွေကတော့ ရွေးကောက်ပွဲ မဝင်သင့်ဘူးဆိုတာကို ဗိုလ်ချုပ်မှူးကြီးက ဆုံးဖြတ်တာ။ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်း၊ ပညာအရည်အချင်း၊ နောက်ကြောင်းရာဇဝင် အားလုံးပါ ဗိုလ်ချုပ်မှူးကြီးဆီ တင်ရတာ” ဟု ကြံ့ဖွတ်ပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီအတွင်း မင်းအောင်လှိုင် လူယုံ ဥက္ကဋ္ဌ ခင်ရီ၏ ဦးဆောင်မှုကို မလိုလားသည့် အုပ်စုကွဲကြီးတစ်ခု ဖြစ်ပေါ်လျက်ရှိသော်လည်း ယင်းအုပ်စုမှာ စစ်တပ်ဘက်တော်သား အင်အားကောင်းနေမှုကြောင့် ငြိမ်သက်နေရသည့် အခြေအနေဖြစ်နေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ သန်းဌေးကို ဖြုတ်ချပြီး ခင်ရီကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကို အငြိမ်းစားပေးကာ ပါတီဒုတိယဥက္ကဋ္ဌ ၁ အဖြစ်လည်း ကောင်း ခန့်အပ်စေခဲ့ကြောင်း၊ မင်းအောင်လှိုင်က ခင်ရီကို ကြံ့ဖွတ်ဥက္ကဋ္ဌ အဖြစ် စတင်ခန့်အပ်ချိန်က တည်းက ပါတီတွင်း အုပ်စုကြီး ၂ ခု ကွဲပြဲသွားခဲ့ကြောင်း၊ သို့ရာတွင် စစ်အာဏာသိမ်းထားချိန်ဖြစ်၍ စစ်တပ်က ခန့်အပ်ထားသော ခင်ရီနှင့်အုပ်စုကို အင်အားယှဉ်ပြိုင်ရန် ခက်ခဲနေကြောင်း၊ လက်ရှိ ကြံ့ဖွတ်ပါတီအတွင်း စီမံခန့် ခွဲရေးအားလုံးမှာ မင်းအောင်လှိုင်ထံသို့ အသိပေးပြီးမှ လုပ်ဆောင်ရကြောင်း သိရှိရသည်။
“ပါတီမှာ နှစ်ခြမ်းကွဲနေတာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ လူတွေပါတဲ့ အုပ်စုကတော့ အခုအချိန် ပိုပြီးတော့ အင်အားကြီးနေတယ်။ ဦးခင်ရီ၊ ဦးမျိုးဇော်သိန်း၊ ဦးသောင်းအေး၊ ဦးအောင်စိုးနဲ့ အခြားဗိုလ်ချုပ်ဟောင်းတွေလည်းရှိပါသေးတယ်။ နောက်တစ်အုပ်စုကတော့ အရင် ဥက္ကဋ္ဌကြီး ဦးသန်းဌေးရဲ့ လူတွေပေါ့။ တကယ်တော့ နိုင်ငံပါ အာဏာ သိမ်းခံရတာမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပါတီပါ အာဏာသိမ်းခံရတာပါ။ အခု ပါတီတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမသိဘဲ ဘာမှ လုပ်မရဘူး” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ကြံ့ဖွတ်ပါတီ၏ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းမှာ ပါတီဥက္ကဋ္ဌ ခင်ရီကို ဖြုတ်ချရန် ကြံစည်ခဲ့မှုဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီတွင်း မင်းအောင်လှိုင်၏ လိုသလို ခြယ်လှယ်မှုကို မခံရန် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်က စည်းရုံးလှုပ်ရှားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက်ကြောင်းပြန် အဂတိ မြေသိမ်းမှုများဖြင့် စစ်ကောင်စီတပ်များက အမှုဖွင့်ဖမ်းဆီးခဲ့ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ခဲ့သည်။
ယင်းနောက် ဦးမြင့်လှိုင်၏နေအိမ်တွင်း ရှာဖွေရာ လက်နက်တချို့၊ ရွှေတုံးနှင့်ကျောက်သံပတ္တမြားများကိုပါ သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ သိမ်းဆည်းမှုများကို စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ)က လုပ်ဆောင်ခဲ့ပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသည်များကို ဗဟိုဘဏ်သို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။
လည်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လယ်မြေ ၁၇၃၂ ဧကကို သားမက်ဖြစ်သူ၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့ကြောင်း၊ ထို့ကြောင့် ဦးမြင့်လှိုင်ကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် အရေးယူရန် အမှုဖွင့်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
မြင့်လှိုင်သည် စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်/ဆည်ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်ချယုံကြည်ရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
