ရန်ကုန်၊ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် လေးကေကော်ဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်မှ သေဆုံးထိခိုက်မှုများပြားသဖြင့် စစ်ကြောင်းတစ်ကြောင်းပျက်သွားပြီး စစ်ကြောင်းအသစ်များ ထပ်မံတက်လာနေကာ တိုက်ပွဲဆက်လက်ပြင်းထန် နေကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်အထိ မြဝတီမြို့နယ်၊ လေး ကေ့ကော်မြို့သစ်ဘက်သို့ အကြမ်းဖက် စစ်တပ်က Y-12 လေ ယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲကာ မြ၀တီမြို့စောင့်တပ် ခမရ ၂၇၅ တပ်ရင်းကလည်း ၁၂၂ မမ လက် နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ပြီးနောက် BGF တပ်ဖွဲ့၏ လမ်းပြ မှုဖြင့် စစ်တပ်က ခြေလျင်စစ်ကြောင်းအင်အားအများအပြားအသုံးပြုပြီး စစ်ကြောင်းထိုး လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ မြေပြင်မှလည်း လူလှိုင်းလုံး စစ်ဆင်ရေးဖြင့် လေးကေ့ကော်မြို့ဆီသို့ ဝင်ရောက်ခဲ့သော်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းပျက်သွားကာ လမ်းပြအဖြစ်လိုက် ပါသည့် BGF တပ်ဖွဲ့ဝင်များပါ ထိခိုက်မှုကြောင်း၊ သို့သော်လည်း နောက်ထပ်မံ၍ စစ်ကြောင်းထိုး လာသောကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း သိရသည်။
“မနေ့က စစ်တပ် စစ်ကြောင်း တစ်ကြောင်းပျက်တယ် BGF တချို့ လမ်းပြ အဖြစ် ပါနေတာတွေ ပါ ထိခိုက် မှု့ ရှိတယ်၊ ဒီနေ့ မနက် ၅ နာရီ လောက်ကတည်း က လက်နက်ကြီး မစ်ဇိုင်းတွေ ပစ်ထုတ် ပြီး စစ်ကြောင်း နောက် တစ်ကြောင်း ထပ်တက် လာနေလို့ တိုက်ပွဲ ဆက်ဖြစ်နေတယ် ၈ နာရီ လောက်မှာ ထီးမယ်ဝါးခီးရွာဘက် ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာကျဲ တယ်လို့ သိရပါတယ်” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သံများ၊ လက်နက်ကြီးများဖြင့် အဆက် မပြတ်ပစ်ခတ်သံများကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ်အထိ ကျယ်လောင်စွာ ကြားရကြောင်း မဲဆောက်မြို့တွင် နေထိုင်သူများက ပြောဆိုသည်။
လက်ရှိ မြ၀တီမြို့နယ်အတွင်းသို့ စစ်တပ်က ထိုးစစ်ဆင်ရာတွင် အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို အဓိက အသုံးပြုနေခြင်းဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးဝါးများ ကျွေးကာ လူလှိုင်းလုံးဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
