ကချင်ပြည်နယ်၊ ဖားကန့်မြို့ မနမှော်ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တွင် ဖားကန့် ဗျူးဟာကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် မနမှော်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ဖားကန့်မြို့ အတွင်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ည ၁၀ နာရီလောက်ကနေစပြီး ဖားကန့် တပ်မကုန်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာပေါ့။ ဒီနေ့ နံနက် အစောပိုင်းလောက်မှာ မနမှော်မှာ လက်နက်ကြီးကျပြီးတော့ ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရတာရှိတယ်။ မနေ့က ၁၂ နာရီလောက်လည်း မနမှော် တဝိုက်ပေါ့ လက်နက်ကြီးကျတယ်။ စစ်တပ်က တစ်ညလုံး လက်နက်ကြီး ရမ်းပစ်နေတာ ဒီမနက်ထိ တိုက်ပွဲမဖြစ်တဲ့ နေရာတွေလည်း လက်နက်ကြီး တောက်လျှောက်ပစ်လို့ ပြည်သူတွေထိခိုက်တာပေါ့။ ဒီမနက်ပိုင်းမှာ ၅ ယောက်ထိတယ်။ စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့နေရာကို လက်နက်ကြီးတွေနဲ့ ရမ်းထုနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဖားကန့်မြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ၃ လကျော် အတွင်း အရပ်သား ပြည်သူ ၈၅ ဦးသေဆုံးကာ ၂၆၀ ဦး နီးပါးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကို ဖားကန့် အခြေစိုက် တပ်မ ၃၃ မှ ဗိုလ်မှူးချုပ် ကောင်းမင်းထွန်းနှင့် မိုးကောင်းမြို့မှ တက်လာသည့် အမှတ် ၃ တပ်မဟာ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်း ဦးဆောင်သော စစ်ကြောင်းက စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

