31.8 C
Yangon

စစ်တပ်တွင်း တိုင်းမှူးအဆင့်မှ ညွှန်ကြားရေးမှူး၊ တပ်မမှူး၊ ကပစ စက်ရုံမှူးများအထိ ရာထူးအပြောင်းအလဲများစွာကို လူသစ်များဖြင့် အစားထိုး သွေးသစ် လောင်းရန်ရှိနေပြီး အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့ကို ဖျက်သိမ်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက်စစ်တပ်အတွင်း တိုင်းမှူးအဆင့်မှ လက်ရုံးတပ်နှင့်စစ်ရုံး ညွှန်ကြားရေးမှူးများ၊ တပ်မမှူးများ နှင့် ကပစစက်ရုံမှူးများအထိ ရာထူးနေရာများစွာကို လူသစ်များဖြင့် သွေးသစ်လောင်း အပြောင်းအလဲလုပ်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတချို့၊ ဒုတိယဗိုလ်ချုပ်ကြီးများကို ရွေးကောက်ပွဲဝင်ရန် ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့ခြင်းနှင့်အရန်အင်အားသို့ပို့ဆောင်ခြင်းများ လုပ်ဆောင်လာပြီးနောက် လစ်လပ်သွားသော နေရာများတွင် သွေးသစ်လောင်းသည့်အနေဖြင့် အရာရှိသစ်များကို ရာထူးတိုး ပေးကာ ခန့်အပ်လာကြောင်း သိရှိရသည်။

“ရှေ့က ရထားတွဲတွေ ဖယ်တော့ နောက်ရထားတွဲတွေကို ရှေ့ကို ရောက်လာတာ။ အငယ်ပိုင်းတွေကို ရာထူးတိုးတွေ ပေးဖို့အတွက် တန်းစီတာတွေ၊ ကိုယ်ရေးရာဇဝင် စိစစ်တာတွေ တောက်လျှောက်လုပ်နေတယ်။ တိုင်းမှူးအဆင့်ကနေ လက်ရုံးတပ် ညွှန်မှူးတွေ၊ တပ်မမှူးတွေ၊ ကပစစက်ရုံမှူးတွေ အပြောင်းအလဲတွေ အများကြီး ဖြစ်နေပါတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း စစ်တပ်အတွင်း အပြောင်းအလဲများ ဆက်တိုက် လုပ်ရန် ပြင်ဆင်နေပြီး ရွေးကောက်ပွဲမတိုင်မီမှ ရွေးကောက်ပွဲပြီးကာ အစိုးရသစ်ပေါ်ထွန်းသည်အထိ သွေးသစ်လောင်းသည့်အနေဖြင့် အရာရှိသစ်များစွာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

“တိုင်းမှူး ပြီးသွားရင် ညွှန်မှူးတွေ ၊ စစ်ရုံးက ညွှန်မှူးတွေ ပြီးသွားရင် ညွှန်မှူးအောက်က တစ်ဆင့်နိမ့်တဲ့ တပ်ကြီးအရွယ်အစားရှိတဲ့ တပ်မှူးကြီးတွေပါ ပြောင်းမှာပေါ့။ တပ်မှူးကြီးတွေဆိုတာ ကပစ စက်ရုံက စက်ရုံမှူးတွေ ပါမယ်၊ အဲဒီလိုမျိုး တပ်မှူးကြီးတွေပါ အပြောင်းအလဲ ဆက်ရှိဦးမှာပါ။ ရွေးကောက်ပွဲပြီးလို့ ၃ လ၊ ၄ လ နောက်ဆုံး ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာတွေ ပြီးသည်အထိ အပြောင်းအလဲတွေက တောက်လျှောက်လုပ်နေမယ်။ ဒီကြားထဲမှာလည်း အပြောင်းအလဲတွေ လုပ်ရင်းနဲ့ ထိပ်ဆုံးက စစ်တက္ကသိုလ်၊ ပြီးရင် ဗိုလ်သင်တန်းကျောင်း၊ ပြီးသွားရင် တေဇဆင်း ။ ကျောင်း ၃ ကျောင်း ပြိုင်ကြမယ့် အနေအထားမျိုး ရှိတယ်။ ရွေးကောက်ပွဲ ပြီးသည်အထိ အပြောင်းအလဲတွေကတော့ သူ့လူ ကိုယ့်လူတွေနဲ့ ပြန်ဆွဲတင်တဲ့ ကာလဖြစ်မှာ။ မင်းအောင်လှိုင် ယူနီဖောင်းချွတ်သွားပြီးရင်လည်း ပြန်ပြိုင်ကြမယ့် အနေအထား ဖြစ်လာဦးမှာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း၊ ယင်းစစ်ဆင်ရေးအထူးအဖွဲ့မှာ ၂၀၀၇ခုနှစ်တွင် အာဏာရှင်ဟောင်း သန်းရွှေက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်က ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကစထ ၆ က ဖြုတ်ပစ်လိုက်တယ်။ ပြောရမယ်ဆိုရင် တိုင်းမှူးတွေရဲ့ အထက်မှာ အရင်တုန်းက နေရာပေးလို့ရအောင် ဖွဲ့စည်းပုံ ပေးလို့ရအောင် ကစထ မှူးဆိုပြီးလုပ်တာ။ ပထမတုန်းက ၅ ခုပဲ ရှိတာ။ နောက်မှ ကစထ ၆ ဆိုပြီး လုပ်တာ။ အဲဒီ ကစထ ၆ ကလည်း နေပြည်တော် တိုင်း စစ်ဌာနချုပ် တစ်ခုကိုပဲ စီမံကွပ်ကဲတာပါ။ တိုင်းတစ်တစ်ခုတည်းကို ကစထမှူး ၁ ယောက်ဖြစ်နေတာ။ ကျန်တဲ့ဟာတွေက စစ်တိုင်း နှစ်တိုင်း သုံးတိုင်းကိုမှ ချုပ်ပြီးတော့ အုပ်ချုပ်တာ။ အပိုဖြစ်နေတာပေါ့နော်။ ပြီးတော့ ကျွန်တော် ထင်တယ်။ သူတို့ ဗေဒင်ယတြာအရ သူတို့ ၆ ဂဏန်းကို မကြိုက်လို့ ၅ ဂဏန်းကိုပဲ ပြန်ပြီးတော့ ပြောင်းတဲ့ အနေအထားမျိုးလို့ ကျွန်တော် ထင်တယ်။ ဒါကြီးက ထားထား မထားထား အပိုပဲ။ ဖွဲ့စည်းပုံအပိုကြီးလို့ ပြောလို့ရတယ်။ တိုင်းမှူးတွေ နည်းနည်း ငုတ်တာပေါ့။ တကယ်တမ်းက စစ်တပ်မှာ Commander ဆိုတာက တပ်ချုပ်ရယ်၊ တိုင်းမှူးရယ်၊ တပ်ရင်းမှူးရယ် အဲဒီ ၃ ယောက် စစ်စစ်ပဲ ရှိတယ်။ ကျန်တဲ့ဟာက Commander မဟုတ်ဘူး Joint staff လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တိုင်းမှူး ၁၄ ယောက်ကို ၅ ယောက်နဲ့ ပြန်ချုပ်တာပေါ့။ အရင်တုန်းကလည်း ကစထ ၆ ဆိုတာ အပိုကြီး။ နေပြည်တော်မှာလည်း ကစထရုံးဆိုတာ မရှိဘူး။ အဆောင် ၁၊ အဆောင် ၂၊ အဆောင် ၃ ဆိုတာ ရှိတာ။ ကစထမှူးတွေ ရုံးထိုင်တာကလည်း အဆောင် ၁ လို့ ခေါ်တဲ့ မင်းအောင်လှိုင်တို့ စိုးဝင်းတို့ ထိုင်တဲ့ ရုံးမှာပဲ ကစထမှူးတွေက ထိုင်ကြတာပဲ။ တကယ်တမ်းတော့ ကစထ ၆ ဆိုတာ အပိုပါပဲ။ တိုင်းမှူး လုပ်ပိုင်ခွင့်လည်း သူ့မှာ ဘာမှ ထူးပြီး မရှိဘူး။ အပွင့်ပိုပေးထားတာပဲ။ တကယ်တမ်း နေပြည်တော်တိုင်းမှာ တိုင်းမှူးဆိုတာတောင်မှပဲ ကျွန်တော်တို့ ပြောရမယ်ဆိုရင် အရပ်စကားနဲ့ ပြောရရင် ဥက္ကဋ္ဌရှိတဲ့ ရပ်ကွက်မှာ ဆယ်အိမ်ခေါင်း လုပ်ရတာပေါ့။ သူ့အတွက် ရုံးခန်းသက်သက်သာ ဖွင့်ထားတာ လုပ်ပိုင်ခွင့် မရှိပါဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။

ထို့ပြင်စစ်တပ်အတွင်း ရွေးကောက်ပွဲမတိုင်မီ ကကနကောင်စီညွှန်ကြားလွှာဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ အငြိမ်းစားပေးမည့် အရာရှိတချို့လည်း ရှိနေပြီး အဆိုပါအရာရှိကြီးများကို သံအမတ် သို့မဟုတ် အရပ်ဘက်ဝန်ကြီးဌာနများသို့ ကူးပြောင်းလိုခြင်းရှိ၊ မရှိ ခေါ်ယူ မေးမြန်းမှုများလည်း ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article