31 C
Yangon

မြ၀တီတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ စစ်ဘေးရှောင် ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်း ရှောင်နေရပြီး စားဝတ်နေရေး ကူညီမှု နည်းပါးနေ၊ သောင်ရင်းမြစ်ကမ်းဘေးတွင် ဖြစ်သလို တဲထိုးနေထိုင်သူများလည်းရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်တပ်နှင့် BGF ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ စစ်ဘေးရှောင် ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကူညီမှု နည်းပါးနေကြောင်း စစ်ဘေးရှောင်အရေးကူညီသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလဆန်းပိုင်းမှစတင်၍ စစ်တပ်က အာရှလမ်းကို ပြန်လည် ထိုးဖောက်လာပြီး မြ၀တီမြို့သို့ စစ်ကြောင်းများ ရောက်ရှိခဲ့ကြောင်း ၊ ယင်းနောက် လေးကေ့ကော်မြို့ဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ ထို့ကြောင့် လေးကေ့ကော်မြို့သစ်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မိုးတွင်းရာသီဖြစ်သည်နှင့်အညီ စစ်ဘေးရှောင် ပြည်သူများမှာ အမိုးအကာအခက်အခဲများရှိနေသည့်အပြင် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ ယခင်က စစ်ဘေးရှောင်ပြည်သူများရှိလာလျှင် ပြည်သူများက ၀ိုင်းဝန်းကူညီခဲ့ကြသော်လည်း ယခုအခါတွင်မူ ကူညီမှုနည်းပါးကြောင်း စစ်ဘေးရှောင်အရေး ပြည်သူများက ပြောဆိုသည်။

“အခု စစ်တပ်က မြ၀တီကနေ လေးကေ့ကော်လမ်းကြောင်းတစ်လျှောက်ကို စစ်ကြောင်းထိုးတော့ ကျေးရွာတွေက ပြည်သူ တွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ဘေးရှောင် အရေအတွက် အတိအကျ မသိရဘူး။ ဘာလို့ဆိုတော့ တစ်စု တစ်ဝေးတည်းမဟုတ်ဘဲ နေရာပေါင်းစုံကို ကွဲထွက်ကုန်ကြလို့ပါ။ နောက်ပြီး အခုနောက်ပိုင်း ပြည်တွင်းမှာလည်း ပြည်သူတွေ ကိုယ်တိုင်က စားဝတ်နေရေးနဲ့ စီးပွားရေး အရမ်းကျပ်တည်းတော့ မလှူနိုင်ကြတော့ဘူး” ဟု စစ်ဘေးရှောင်အရေးကူညီသူ ကရင် လူငယ်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်ပြည်သူများမှာ ထိုင်းနှင့်မြန်မာနယ်စပ်မြစ်ဖြစ်သော သောင်ရင်းမြစ်ကမ်းဘေးတွင် ဖြစ်သလို တဲထိုး နေထိုင်ရမှုများလည်းရှိနေကြောင်း၊ အဓိကအားဖြင့် အစားအသောက်၊ အဝတ်အထည်နှင့် အမိုးအကာ လိုအပ်မှုများ များပြား နေကြောင်း သိရှိရသည်။

“စစ်ဘေးရှောင် ပြည်သူတွေဆီမှာ အခုလိုအပ်တာက အစားအသောက်လိုတယ်။ မိုးတွင်းဆိုတော့ အမိုးအကာနဲ့ အဝတ် အထည်လည်း လိုအပ်ချက်ရှိပါတယ်။ အခုတစ်ခေါက် စစ်ဖြစ်တာမှာ KNU ဘက်ကလည်း ကူညီမှုတွေလည်းရှိတယ်။ KNU ကပဲ အဓိက ကူနေတာ။ ကျန်တဲ့ အပြင်က အလှူရှင်ကူညီတာက အတော်ကို နည်းသွားပြီ။ ပြည်သူတွေကတော့ ဒီတစ်ခေါက် စစ်ပွဲက အရင်ထက်ပိုကြာနိုင်တယ်လို့ ခန့်မှန်းကြတယ်” ဟု ထိုင်း-မြန်မာနယ်စပ်မှ စစ်ဘေးရှောင်အရေး ကူညီနေသော CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင် ပြည်သူများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များစွာလည်းရှိနေပြီး ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးနိုင်သော သူနာပြုနှင့်ဆရာဝန်၊ ကျန်းမာရေးမှူးများ လိုအပ်ချက် များပြားနေကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်ထဲမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေပါတယ်။ ဒီတစ်ခေါက် စစ်ပြေးရတာက ဘာမှ အဆင်သင့်မရှိဘဲ ရုတ်တရက်ကြီး ထပြေးရတာ။ လေးကေ့ကော်မှာဆိုရင် တချို့ပြည်သူတွေ အိမ်တွေဘာတွေ ပြန်ပြင်ပြီး အခြေတကျတောင် ပြန်ပြီးနေတဲ့အချိန်မှ ထွက်ပြေးရတာ။ ဆရာဝန်၊ သူနာပြုနဲ့ ဆေးဝါး မရှိဘူး။ ထိုင်းဘက်ကိုလည်း ကူးဖို့ ခက်တော့ တကယ်တမ်း သေရေးရှင်ရေးဖြစ်လာရင်တောင် ဆေးကုဖို့မလွယ်ဘူး” ဟု ထိုင်း-မြန်မာနယ်စပ်မှ CDM ဆရာဝန်မတစ်ဦးက ရှင်းပြသည်။

လတ်တလော စစ်တပ်၏ ထိုးစစ်ကြောင့် မြ၀တီမြို့နယ်၊ လေးကေ့ကော်၊ ကော့ကရိတ်တို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို အရှိန်အဟုန်မြှင့်တင်လာနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article