ရန်ကုန်၊ အောက်တိုဘာ ၁
ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းမြင့်က လူငယ်အလုပ်သမားများ နေထိုင်သော စက်ရုံ အဆောင်နှင့် နေအိမ်များကို လစဉ် ငွေကျပ် ၅ သိန်း ဧည့်စာရင်းကြေးအဖြစ်တောင်းခံပြီး အဆောင်ပိုင်ရှင်များလည်း စစ်မှုထမ်းမည့်လူငယ်များ လစဉ်ရှာခိုင်းနေကြောင်း အဆိုပါရပ်ကွက်နေထိုင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လှိုင်သာယာမြို့နယ် အရှေ့ပိုင်း၊ အမှတ် ၂ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး အဖြစ် လုပ်ကိုင်မည့် သူမရှိသည့်အတွက် ဗထူး ၁၃ လမ်း ကျူးကျော်တဲတွင် နေထိုင်သော ပျံကျအလုပ်သမား ဆန်းမြင့်က အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် လုပ်ကိုင်ကြောင်း၊ အုပ်ချုပ်ရေးမှူး ဖြစ်လာချိန်မှစတင်ပြီး အမှတ် ၂ ရပ်ကွက်တွင် ပုံစံအမျိုးမျိုးဖြင့် ပြည်သူလူထုထံမှ ငွေကြေးများ ကောက်ခံလျက်ရှိရာ စက်ရုံအလုပ်ရုံများ၊ အဆောင်ပိုင်ရှင်များနှင့် အိမ်ငှားစားသူများထံမှ လစဉ် ဧည့်စာရင်းကြေးအဖြစ် အနည်ဆုံး ငွေကျပ် ၃ သိန်းမှ ၅ သိန်းအထိ တောင်းခံနေကြောင်း သိရှိရသည်။
“အမှတ် ၂ ရပ်ကွက် အုပ်ကြီး ဆန်းမြင့် ကကျူးကျော်ပျံကျမှာနေတဲ့ ပျံကျပဲ။ အုပ်ကြီးလုပ်မယ့်သူမရှိတော့ အုပ်ကြီးတက်လုပ်တာ။ သူ အုပ်ကြီးဖြစ်တဲ့အချိန်ကစပြီး ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်နေတာ။ အုပ်ကြီးဆန်းမြင့်ကိုယ်တိုင် စက်ရုံတွေ အဆောင်တွေကို ဧည့်စာရင်းဆိုပြီး ဝင်စစ်တယ်။ ဧည့်စာရင်းမတိုင်လို့ဆိုပြီး ထောင်ကျခံမလား၊ ငွေပေးမလားဆိုပြီး ငွေညှစ်တယ်။ အခုတော့ လူငယ်တွေရှိနေတဲ့ စက်ရုံ၊ အဆောင်တွေ၊ နေအိမ်တွေကို လစဉ် ငွေ ၅ သိန်း ဧည့်စာရင်းကြေးတောင်းတယ်။ သူတို့ လာမစစ်ဘူး။ ဧည့်စာရင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတောင်း တာ” ဟု အဆောင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်း အမှတ် ၂ ရပ်ကွက်တွင် စက်ရုံအဆောင်ပိုင်ရှင်များ၊ ပုဂ္ဂလိက အဆောင်ပိုင်ရှင်များအနေဖြင့် လစဉ် စစ်မှုထမ်းမည့် လူငယ်များ ရှာပေးစေလိုသည်ဟု အုပ်ချုပ်ရေးမှူး ဆန်းမြင့် က ဖိအားပေးလာကြောင်း၊ မိမိတို့ အဆောင်တွင် နေထိုင်သော လူငယ်များအနက်မှ သင့်တော်သူများကို စစ်မှုထမ်းရန် နာမည်စာရင်းပေးပို့ခိုင်းကြောင်း၊ အဆောင်ပိုင်ရှင်များက ပေးပို့လာသော လူငယ်စာရင်းအတိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် လူမိုက်များ ကလာရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
“အဆောင်မှာ လာနေတဲ့ လူငယ်တွေထဲက တစ်လကိုတော့ ၁ ဦးကိုတော့ နာမည်စာရင်းရွေးပေး။ သူတို့ဟာသူတို့ လာခေါ်မယ်။ ကြည်ကြည်သာသာမလိုက်ရင် သူတို့နည်းသူတို့ဟန်နဲ့ ဖမ်းသွားမယ်ပြောတယ်။ အဆောင်ပိုင်ရှင်တွေကို စစ်မှုထမ်း လူငယ်စာရင်း လျှို့ဝှက် ပေးခိုင်းတာ။ အဆောင်ပိုင်ရှင်တွေက မပေးချင်ကြဘူး။ ကိုယ့်ဆီမှာ လာနေတဲ့ ကလေးတွေကို ဘယ်စာရင်းပေးချင်မလဲ။ တချို့ကတော့ ငွေညှစ်ခံရ၊ လူငယ်တွေကို စာရင်းပေးရဆိုတော့ မလုပ်ချင်တော့လို့ အဆောင်ပိတ်ကုန်ကြပြီ” ဟု လှိုင်သာယာအရှေ့ပိုင်း အမှတ် ၂ ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆန်းမြင့်သည် ပျူစောထီး လူမိုက်များနှင့်အတူ ညအချိန် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ဖမ်းဆီးရရှိသော လူငယ်များကို စစ်မှုထမ်း လူစားထိုးအဖြစ် လိုအပ်နေသော ရပ်ကွက်များထံသို့ ရောင်းချခြင်း၊ စစ်မှုထမ်းကြေးကောက်ခံခြင်း အပါအဝင် ပြည်သူလူထုကို ဖိနှိပ်နေသော အလုပ်များကို လုပ်ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – အုပ်ကြီးဆန်းမြင့်နှင့်အပေါင်းအပါများက ပြည်သူလူထုထံမှ ငွေကြေးများကို ကောက်ခံခွဲဝေနေကြစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
