28.4 C
Yangon

စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင်ပြည်သူများကို မိသားစု တစ်စုလျှင် ငွေကျပ် ၆ သောင်းထောက်ပံ့ပြီး ရွေးကောက်ပွဲတွင် မဖြစ်မနေ ဆန္ဒမဲပေးရန်နှင့် မဲစာရင်းစစ်ရန် စစ်တပ်က ဖိအားပေး၊ မဲမပေးလျှင် ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားသည့် ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင်ပြည်သူများကို မိသားစု တစ်စုလျှင် ငွေကျပ် ၆ သောင်းထောက်ပံ့ပြီး ရွေးကောက်ပွဲတွင် မဖြစ်မနေ ဆန္ဒမဲပေးရန်နှင့် မဲစာရင်းစစ်ရန် စစ်တပ်က ခြိမ်းခြောက် ဖိအားပေးလာကြောင်း ငွေကြေးလက်ခံရရှိခဲ့သော စစ်ဘေးရှောင်မိသားစုတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ စစ်ဘေးရှောင်ရန်အတွက် စစ်ကိုင်းမြို့တွင် ရောက်ရှိနေထိုင်ကြသော မိသားစုများကို စစ်တပ်က ရွှေမင်းဝံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ခေါ်ယူကြောင်း၊ ယင်းနောက် မိသားစုတစ်စုလျှင် ငွေကျပ် ၆ သောင်း ထောက်ပံ့ ကြေးအဖြစ် ပေးအပ်ကြောင်း၊ ထိုသို့ ပေးအပ်ရာတွင် လာမည့် ရွေးကောက်ပွဲတွင် မဖြစ်မနေ ဆန္ဒမဲပေးရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးရပြီး မဲစာရင်းများကိုလည်း စစ်ဆေးရန်သဘောတူညီသည်ဟု လက်မှတ်ရေးထိုးရကြောင်း သိရှိရသည်။

“ရွှေမင်းဝံရပ်ကွက်မှာ ရောက်နေတဲ့ စစ်ဘေးရှောင် မိသားစုတချို့ကို စစ်တပ်က တစ်အိမ်ထောင်ကို ကျပ် ၆၀၀၀၀ ပေးတယ်။ ဧည့်စာရင်း စာအုပ်နဲ့ ထောက်ပံ့ကြေးထုတ်ရတယ်။ အဲဒီမှာ မဲပေးရမယ်၊ မဲစာရင်းစစ်ရမယ်ဆိုတာ သိရှိကြောင်း လက်မှတ်ရေးထိုးရတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့လည်း သဘောတူတယ်ဆိုတာကို လက်မှတ်ထိုးခိုင်းတယ်” ဟု စစ်ဘေးရှောင် မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင် မိသားစုများ၏ ထောက်ပံ့ကြေး ထုတ်ယူမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထုတ်ယူရပြီး ငွေကျပ် ၆ သောင်းကို အပြည့်အ၀မရကြောင်း၊ ဧည့်စာရင်းစရိတ်အဖြစ် လူ ၁ ဦးလျှင် ငွေကျပ် ၅ ထောင်ပြန်လည်တောင်းယူသဖြင့်လူဦးရေများသော အိမ်များတွင် ထောက်ပံ့ကြေး ၆ သောင်းကို ရပ်ကွက်ရုံးသို့ ဧည့်စာရင်းကြေးအဖြစ် ပြန်လည် ပေးသွင်းရကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်မိသားစုတွေကို တစ်အိမ်ထောင် ထောက်ပံ့ငွေ ၆သောင်းပေးပါတယ်။ မဲထည့်ရမယ်၊ မဲစာရင်း စစ်ရမယ်။ ဒါပေမယ့် ရပ်ကွက်ရုံးက ဧည့်စာရင်းကြေးဆိုပြီး ၁ အိမ်ထောင် ငွေကျပ် ၅၀၀၀ ပြန်တောင်းသွားတယ်။ လူဦးရေများတဲ့အိမ်ဆိုရင် ထောက်ပံ့ကြေးကို ဧည့်စာရင်း ကြေးအဖြစ် ပြန်ပေးလိုက်ရတာ။ အဓိက မဲပေးရမယ်၊ မဲစာရင်းစစ်ရမယ်ဆိုတာ သဘောတူရတယ်။ အဲဒါကိုလည်း ရာအိမ်မှူးတွေက သူ့အပိုင် အလိုက် စာရင်းမှတ်ထားတယ်။ ကျနော်တို့ကတော့ ရာအိမ်မှူးထွန်းထွန်းဝင်းအပိုင်မှာ နေတာ။ ဒုက္ခသည်စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့တယ်ဆိုပြီး မတရားမဲပေးခိုင်းတဲ့လုပ်ရပ်မျိုးပဲ။ မဲမပေးရင် ရွေးကောက်ပွဲနှောင့်ယှက်ဖျက်ဆီးသူများဥပဒေနဲ့ အရေးယူလို့ရတယ် ခြိမ်းခြောက်တယ်” ဟု စစ်ဘေးရှောင်မိသားစုက ရှင်းပြသည်။

စစ်တပ်က ဇူလိုင်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ၏ ပုဒ်မ ၂၃ (က) မှာ ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်း စဉ်၏ တစ် စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဓာတ်ပုံ – စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင်နှင့်ငလျင်ဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီမှုလုပ်ဆောင်ပြီး ခြိမ်းခြောက်မှု လုပ်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံစစ်ကိုင်းစစ်ကောင်စီအဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင်နှင့်ငလျင်ဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီမှုလုပ်ဆောင်ပြီး ခြိမ်းခြောက်မှု လုပ်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံစစ်ကိုင်းစစ်ကောင်စီအဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article