ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးသည် ယမန်နေ့ ကျရောက်သည့် ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲအပြီး KTV ဟိုင်းခန်းသို့ သွားရောက်ကာ ဟိုင်းခန်းတွင် အပျော်လွန် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ၍ သေဆုံးသွားကြောင်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့သည် ၆၁ နှစ်မြောက်ရဲတပ်ဖွဲ့ နှစ်ပတ် လည်နေ့ဖြစ်ပြီး ယင်းနေ့တွင် နေ့ခင်းပိုင်း မြ၀တီခရိုင်ရဲရုံးတွင် ရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ ညပိုင်းတွင် ညစာစားပွဲ ပြုလုပ်ခဲ့ပြီးနောက် မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးမှာ အခြားရဲအရာရှိတချို့နှင့်အတူ KTV ဟိုင်းခန်းသို့ သွားရောက် သောက်စားမူးယစ်ပျော်ပါးခဲ့ကြကြောင်း၊ ယင်းနောက် KTV တွင်ပင် မူးယစ်ဆေးဝါး အလွန်အကျွံ့သုံးစွဲမှုကြောင့် သတိလစ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးခဲ့သော်လည်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့က သက်ဆိုင်ရာရဲရုံးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ကြေးနန်း အစီရင်ခံစာတင်ပြရာတွင် ဦးနှောက်သွေးကြော ပြတ်၍ သေဆုံးသွားသည်ဟု လိမ်လည်တင်ပြထားကြောင်း သိရှိရသည်။
နေပြည်တော် ရဲရုံးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လိမ်လည်တင်ပြထားသော ရဲကြေးနန်း စာတွင် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန် မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးသည် နေအိမ်တွင် သတိလစ် မူးလဲနေသည်ကို တာဝန်ကျ ဒုရဲအုပ် ဝင်းကိုကိုက တွေ့ရှိသဖြင့် အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြ၀တီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း၊ ယင်းသို့ တင်ပို့စဉ် မြ၀တီခရိုင်ဆေးရုံမှ တာဝန်ကျ ဆရာဝန် ဒေါက်တာအောင်ကောင်းမြတ်က လက်ခံ၍ အရေးပေါ် လူနာဆောင်တွင် ဆေးကုသပေးခဲ့ကြောင်း၊ ဆေးကုသမှု ခံယူနေစဉ် ရဲမှူး အောင်နိုင်ဦးသည် နံနက် ၀၀ နာရီ ၅၅ မိနစ်အချိန် ဦး နှောက်သွေးကြောပေါက် ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ရဲမှူး အောင်နိုင်ဦး သေဆုံးမှုနှင့်ပတ် သက်၍ ၎င်း၏ မိသားစုထံသို့ ဆက်သွယ် အကြောင်းကြားထားရှိပါကြောင်း၊ သဂြိုလ်ဆောင်ရွက်မှုအား အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်ဟု လိမ်လည်ရေးသားထားသည်။
“၆၁ နှစ်ပြည့် နှစ်ပတ်လည် ရဲတပ်ဖွဲ့ ဒင်နာအပြီးမှာ KTV ကို ဆက်သွားကဲကြတာ။ ဒင်နာမှာကတည်းက အရက်က အတော်သောက်ထားပြီးသား။ KTV ဟိုင်းခန်းမှာပါ E တွေ ၊ K တွေ (Ecstasy နှင့်Ketamine)တွေ ထပ်သုံးတော့ နှစ်ပင်လိမ်ကုန်တာ။ KTV ကနေပဲ အကုန်၀ိုင်းပြီး ဆေးရုံပို့ကြတာ။ မြ၀တီက အတော် များများ သိကြတယ်။ မနေ့ညက ဖြစ်သွားတာကို ” ဟု မြ၀တီအခြေ စိုက် သတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
