27.7 C
Yangon

သာယာဝတီထောင်မှ လွတ်ရက်စေ့ နိုင်ငံ ရေးအကျဉ်းသား ၅ ဦးကို စစ်တပ်က ပြန်မလွှတ်ဘဲ အမှုများတပ်၍ မတရား ပြန်လည်ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်း ထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို အကြမ်းဖက်စစ်တပ်မှ နောက်ထပ်အမှုများကပ်ကာ လွှတ်ပေးခြင်းမရှိဘဲ ပြည်လည်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးနှင့် အခြားအကျဉ်းသား ၁၄ ဦး စုစုပေါင်း ၃၀ ဦးသည် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၆ ဦးကို ထောင်အဝ၌ပင် ရဲကားဖြင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဌာနမှ သာယာဝတီရဲစခန်းသို့ ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်း၊ ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား ၅ ဦးမှာ နောက်အမှုများဖြင့် ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်ကာ ဖမ်းဆီးခံထားရကြောင်း PPNM ထံမှ သိရှိရသည်။

လက်ရှိ သာယာဝတီအကျဉ်းထောင်တွင် နောက်အမှုများဖြင့် ပြန်လည်ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၅ ဦးရှိခဲ့ပြီး ကိုစိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး ခေါ် နတ်ဆိုးနှင့် မမေမြတ်သူတို့ကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

“အကျဉ်းထောင်ထဲမှာ မတရားသော အမိန့်တွေကို ကာလတစ်ခုအထိ နေပြီးသားဖြစ်တဲ့ အကျဉ်းသားတွေကို အခုလိုမျိုး လက်လွှတ်စပယ် ပြန်လည်ဖမ်းဆီးကာ ထောင်ထဲ ထည့်တဲ့ ကိစ္စကတော့ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေး လူသားတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးဆိုတာဟာ မြန်မာပြည်သူလူထုလက်ခံထားပေမယ့် ကမ္ဘာကြီးက အခုချိန်အထိ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို မမြင်ရသေးဘူးဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့ အခြေအနေဟာ ဆိုးဝါးလွန်းလှတဲ့ တရားရေးစနစ်ကပါ စစ်ကောင်စီရဲ့ အလိုကျဖြစ်နေသလို နိင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ များစွာ ချိုးဖောက်ခံနေရတယ်ဆိုတာကို လက်တွေ့ သက်သေပြနေတဲ့ လုပ်ရပ်တွေလို့ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ပုဒ်မကပ်၍ ပြန်ဖမ်းဆီးမှုများ များလာပါက လွတ်ရက်စေ့တော့မည့် နိုင်ငံရေးကျဉ်းသားများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် အကျဉ်းထောင်ပြင်ပတွင် စောင့်မျှော်နေကြသည့် မိသားစုဝင်များအတွက်ပါ ပူပန်မှု များစွာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ယခုလက်ရှိတွင် အကြမ်းဖက်ပုဒ်မ ၅၂ ဖြင့် ထပ်မံ တရားစွဲရန် ပြင်ဆင်လျက်ရှိကြောင်း PPNM က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ကတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကို ကမ္ဘာကြီးက ဒီထက်ပိုပြီး အားစိုက်ကြဖို့ အာရုံစိုက်ကြဖို့ လိုအပ်တယ်။ အခုလိုမျိုး မတရားဖမ်းဆီးခံရတဲ့ ကိစ္စတွေဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီလိုမျိုး လူတွေကို အခုလိုမျိုး မတရားပုဒ်တွေ ကပ်တဲ့ ကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို ပြောချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ နိုင်ငံတကာက ပိုပြီး အာရုံစိုက်တောင်းဆိုဖို့လိုအပ်သလို လက်ရှိတော်လှန်ရေးအဖွဲ့တွေ အနေနဲ့လည်း တော်လှန်ရေးကို ပိုပြီးမှ အားစိုက်ပြီးမှ တွန်းဖို့ လိုအပ်ပါတယ်။ ထောင်ထဲမှာ နှစ်သောင်းကျော်သော နိုင်ငံရေးအကျဉ်းသားတွေ ထောင်တံခါးတွေ ပွင့်မယ့် နေ့တွေကို စောင့်နေကြတာ ဖြစ်တယ်လို့ သတင်းစကားပါးချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article