ရန်ကုန်၊ အောက်တိုဘာ ၃
တစ်ဖွဲ့ချင်း၊ တစ်စုချင်း၊ တစ်ဒေသချင်း တော်လှန်တိုက်ခိုက်ရမည့် အချိန်မဟုတ်တော့ဘဲ အားလုံးစုစည်းညီညွတ်စွာဖြင့် စုပေါင်း တက်ညီလက်ညီ တော်လှန်ရေး တိုင်းရင်းသားတပ် ခေါင်းဆောင်များ ယုံကြည်လက်ခံထားကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်သည်။
NUG ၏ ပြန်ကြားရေး သတင်းမီဒီယာဖြစ်သော PVTV သတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
လက်ရှိ နွေဦးတော်လှန်ရေးသည် ၂၀၂၁ ခုနှစ် ကာလအခြေအနေနှင့်မတူညီဘဲ တိုးတက်ပြောင်းလဲမှုများစွာရှိနေကြောင်း၊ တော်လှန်ရေးမှာ လွတ်မြောက်ဒေသများကို အခြေခံပြီး တော်လှန်ရေး နောက်တစ်ဆင့် တက်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ တော်လှန်ရေးကို ပြုပြင်ပြောင်းလဲပြီး အဆင့်မြှင့်တင်ရာတွင် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၏ စုစည်းညီညွတ်မှုက အရေးကြီးကြောင်း ၎င်းက ဆိုသည်။
“အခုအချိန်ဟာ ၂၀၂၅-၂၀၂၆ ဟာ တစ်စုချင်း၊ တစ်ဖွဲ့ချင်း၊ တစ်ဒေသချင်း စဉ်းစားရမယ့် တစ်ဒေသချင်းတိုက်ရမယ့် တော်လှန်ရမယ့် အချိန်မဟုတ်တော့ပါဘူး။ အားလုံးပေါင်းစည်းပြီး တစ်ပြိုင်နက်တည်း တက်ညီ လက်ညီ အလုပ်လုပ်ရတော့မယ်အချိန် တော်လှန်ရမယ့်အချိန် တိုက်ပွဲဝင်ရတော့မယ်အချိန် ဖြစ်တယ်လို့လည်း ကျနော် အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဖြစ်ပါတယ်။ အားလုံးကလည်း ယုံကြည်လက်ခံကြပါတယ်။
အဲဒီတော့ မကြာမီ အချိန်အတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေနဲ့ စုစည်းညီညွတ်မှုတွေ ပေါင်းစပ်မှုတွေ ပေါ်ပေါက်လာမယ်လို့ ကျနော်မြင်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
တိုင်းရင်းသားများအားလုံး ပါဝင်သော ဖွဲ့စည်းမှုနှင့် စုစည်း တည်ဆောက်မှုမျိုး ဆက်သွားနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်မှုများရှိနေပြီး သဘောတူညီမှုများလည်း ရှိနေကြောင်း၊ အားလုံး ကြိုးစားနေကြကြောင်း ၊ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ၊ ဗိုလ်ချုပ်များနှင့်တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်စွာ တိုက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
” တော်လှန်ရေးရဲ့ တချို့ က Reform လို့ပြောတယ်၊ တချို့ကလည်း Upgrade လို့ပြောတယ် အားကောင်းအောင်လို့ ကျနော်တို့ တိုင်းရင်းသား တော် လှန်ရေး အဖွဲ့အစည်းများနဲ့ စုစည်း ညီညွတ်ခြင်းဟာ ပါဝင်ကြခြင်းဟာ အရေးကြီးတယ်ဆိုတာ အားလုံးလည်း ယုံကြည်ကြတယ်။ အားလုံးလည်း ဒါကို ကြိုးစားနေကြတယ်ဆိုတာ အားလုံး သိပြီးဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ဖွဲ့စည်းမှု စုစည်းမှု တည်ဆောက်မှုမျိုး နဲ့ ဆက်သွားဖို့လိုတယ်ဆိုတာ ကျနော်တို့အားလုံး ဆွေးနွေးဖြစ်ကြတယ်။ တိုင်ပင်ဖြစ်ကြပါတယ်။ အားလုံး လည်း သဘောတူကြပါတယ်။ ဒါကြောင့် ကျနော် ဗိုလ်ချုပ်တွေ ခေါင်းဆောင်တွေကို ပြောခဲ့သလိုပဲ အခုအချိန် မြန်မာနိုင်ငံရဲ့ အနာဂတ်၊ ကျနော်တို့ တော်လှန်ရေးအနာဂတ်ဟာ ခေါင်းဆောင်တို့ ဗိုလ်ချုပ်တို့ရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ။ ခေါင်းဆောင်တို့ ဗိုလ်ချုပ်တို့ ပါဝင်မှသာလျှင်ကျနော်တို့ တော်လှန်ရေးကို အမြန်ဆုံးနဲ့ အောင် မြင်အောင်ဆောင်ရွက်နိုင်မယ် တိုက်ပွဲဝင်နိုင်မယ်ဆိုတာ ကျနော်တို့ ပြောဖြစ်ပါတယ်။ ပြောဖြစ်သလိုပဲ အဖွဲ့အစည်းတိုင်း ခေါင်းဆောင်တိုင်းက ယုံကြည်တယ်ဆိုတာကိုတော့ ကျနော် ဒါ Informal meeting တွေမှာ ကျနော်တွေ့ရှိခဲ့ရပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။
NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေရာမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး အစိုးရအဖွဲ့တာဝန်များနှင့် တော်လှန်ရေးတာဝန်များကို အချိန်ပြည့် တာဝန်ယူဆောင်လျက်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။
