မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကို ဖိအားပေးရန် သားဖြစ်သူကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က တရုတ်သမ္မတ ရှီကျင့်ပင်ကို မေတ္တာရပ်ခံလိုက်ကြောင်း South China Morning Post က သတင်းဖော်ပြသည်။
စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး ထောင်သွင်းအကျဉ်းချခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရောဂါ ပြဿနာနှင့် ထောင်တွင်း အခြေအနေများ ဆိုးဝါးနေမှုကို သားဖြစ်သူ ကိုထိန်လင်းက ထုတ်ဖော်ပြောဆိုလာပြီး တရုတ်သမ္မတ ရှီကျင့်ပင်အနေဖြင့် မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တပ်ကို ဖိအားပေးရန် တောင်းဆိုသည်။
“သူမကို လွှတ်ပေးရေးနဲ့ လွတ်မြောက်သင့်သူတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပေးဖို့ တရုတ်သမ္မတ Xi Jinping ကို ကျနော်မေတ္တာရပ်ခံပါတယ်။ မေမေ့ကို လွှတ်ပေးဖို့ တရုတ်က တောင်းဆိုနေတယ်။ တရုတ်အာဏာပိုင်တွေက သူမကို တွေ့ခွင့်ရဖို့ တောင်းဆိုပေမယ့်လည်း စစ်တပ်က တွေ့ခွင့်မပြုပါဘူး။ အခြားဘယ်သူကိုမှလည်း တွေ့ခွင့်မပေးဘူး” ဟု ကိုထိန်လင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရှိရေး ကြိုးစားမှုများကို ဖိတ်ခေါ်လိုက်ပြီး ထိုသို့ တွေ့ခွင့်ရရှိပါက အနည်းဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသည်ကို အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“အမေ ထောင်ထဲမှာ သေမှာကို တစ်ချိန်လုံး ကျနော် စိုးရိမ်နေတယ်။ ထောင်တွင်း အခြေအနေတွေက ကြောက်စရာကောင်းတယ်။”ဟု ကိုထိန်လင်းက ဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် အကျဉ်းချထားခြင်းက တိုင်းပြည်အကျပ် အတည်းကို ပိုမိုနက်ရှိုင်းလာစေမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားတာက သဘောထားကွဲလွဲမှုတွေကို ခိုင်မာစေမယ်၊ ပဋိပက္ခကို ရှည်ကြာစေမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုခက်ခဲစေမှာပါ” ဟု NUG နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီး ဒေါက်တာဆာဆာက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းကမူ သူ့အမေကို လူချင်း ပြန်လည် တွေ့ဆုံချင်ကြောင်း ပြောဆိုသည်။ ကိုထိန်လင်းက ၁၉၈၈ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့်ကွဲကွာခဲ့ခြင်းဖြစ်သည်။
“အမေ့ကို လူကိုယ်တိုင် ပြန်တွေ့ချင်တယ်” ဟု ကိုထိန်လင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရရှိချိန်က မင်းအောင်လှိုင်ထက် တရုတ်နှင့်ပိုမို ရင်းနှီးသော ဆက်ဆံရးရှိခဲ့ပြီး ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြောင်း ကိုထိန်လင်းက ဆိုသည်။
“အမေနဲ့ NLD ဟာ အာဏာသိမ်းမှုမတိုင်ခင် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဖြစ်ထွန်းတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ သူမက တရုတ်နဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါက သူ့နိုင်ငံအတွက် အရမ်းအရေးပါတယ်ဆိုတာ သူသဘောပေါက်တယ်။”ဟု ကိုထိန်လင်းက ဆိုသည်။
NLD အစိုးရလက်ထက် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။
“အမေကို ပြန်လွှတ်ပေးတာဟာ မြန်မာရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ အခြေအနေတစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။”ဟု ကိုထိန်လင်းက ပြောဆိုသည်။
