30.4 C
Yangon

မဲစာရင်းမှားယွင်းမှု အကြောင်းပြ အာဏာသိမ်းခဲ့သော စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများမှာ လူဦးရေ ၅၀၀ တွင် ၃၀၀ မှားယွင်းနေဟု ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ ပြော

Must read

🟥 သေသူများ မဲစာရင်းတွင်ပြန်ပါနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမိသားစုနှင့် အမတ်လောင်းမိသားစုပင် မဲစာရင်းမပါ

ရန်ကုန်၊ အောက်တိုဘာ ၅

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြ အာဏာသိမ်းခဲ့သော စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများမှာ လူဦးရေ ၅၀၀ တွင် လူဦးရေ ၃၀၀ မှားယွင်းနေကြောင်း ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေက အောက်တိုဘာလ ၅ ရက်နေ့ သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအတွက် မဲစာရင်းများ သွားရောက်စစ်ဆေးကြည့်သောအခါ လူဦးရေ ၅၀၀ တွင် လူဦးရေ ၃၀၀ မှာ မဲစာရင်းများ မှားယွင်းနေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုပင် မဲစာရင်း မပါကြောင်း၊ မဲစာရင်းများ အလွန်ကွာဟနေပြီး မဲစာရင်းများ ပြန်လည် ပြုပြင်ရန်ပင် အချိန် ၁ ပတ်သာ ကျန်တော့ကြောင်း ဘူးလက်လှဆွေက ပြောဆိုသည်။

“မဲစာရင်းတွေ ကပ်ထားတာ သွားကြည့်တယ်။ တော်တော်များများ လွဲနေတယ်။ ဘယ်လိုလွဲတာလဲဆိုတော့ ၂၀၂၀ တုန်းက မဲစာရင်းအဟောင်းကြီးလို့ယူဆရတယ်။ အခု အသစ်ပြန်ကောက်တဲ့ ဒီရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ပြန်ကောက်တဲ့စာရင်းတွေမဟုတ်ဘူး။ ကွာတာက တော်တော်ကွာတယ်။ ၅၀၀ မှာ ၃၀၀ လောက်ကွာတယ်။ ဒါက သိပ်မကောင်းဘူး။ UEC အနေနဲ့ ပြန်လုပ်ရမယ့် ပုံစံ ၃ နဲ့ ပြန်လျှောက်ပြီးတော့ တော်တော်ကိုလုပ်ရမယ်။ ဒါ (အောက်တိုဘာ) ၁၂ ရက်နေ့ဆိုတော့ ဒီနေ့က ၅ ရက်ဆိုတော့ ၁ ပတ်ပဲ ကျန်တော့တယ်။ ဒီ ၁ ပတ်အတွင်းမှာ တော်တော်လုပ်ယူရမယ်။ ဥပမာ မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တောင် မပါဘူးဗျာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ မိသားစုက မဲစာရင်းမပါဘူး။ ကျန်တဲ့လူတွေ ပြောမနေနဲ့ အဲဒီလိုတွေ ဖြစ်နေတယ်။ သေသွားတဲ့သူတွေ ပြန်ပါနေတာရှိတယ်။ သေသွားတဲ့သူတွေ နောက်တစ်ခါ အပြီးပြောင်းသွားတဲ့သူတွေ ပြန်ပါနေတယ်။ ဒါက တော်တော်များနေတယ်” ဟု ဘူးလက်လှဆွေက ဆိုသည်။

ထို့ပြင် မဲစာရင်းများမှာ တစ်မြို့နယ်လျှင် ရာဂဏန်းကျော် ကွာဟနေပြီး မဲစာရင်းမှားယွင်းမှုများသည့်အတွက် မဲစာရင်းကို ဓာတ်ပုံရိုက်၍ ရပ်ကွက်အတွင်း လူဦးရေစာရင်းနှင့်တိုက်ဆိုင် စစ်ဆေးနေရကြောင်း၊ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများကို ပြန်လည် ပြုပြင်ရမည်ဖြစ်ကြောင်း လှဆွေက ဆိုသည်။

“နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးပဲပါတယ်။ သူ့မိသားစုကျတော့ မပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တောင် အားနာလို့ ထည့်ပေးလိုက်လားမသိဘူး။ အဲဒီတော့ UEC က ဒီမဲစာရင်းတွေက တော်တော်ကို မှားနေတယ်။ တော်တော်ကို ပြန်ပြင်ရမယ်။ အဲဒါတွေ့တယ်။ ဒါလေးကို အချိန်မီ ပြုပြင်ဖို့။ ဘယ်သူတွေ အလုပ်ရှုပ်လဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က အားထုတ်ပြီးတော့ မဲရုံတိုင်းကို လိုက်ကြည့်ပြီးတော့မှ ဓာတ်ပုံရိုက်ပြီးတော့ ဒီစာရင်းမှန်လား မမှန်ဘူးလားဆိုတာ ရပ်ကွက်ထဲကလူတွေကို တိုက်စစ်ဆေးတာတွေ လုပ်နေရတယ်။ တစ်မြို့နယ် တစ်မြို့နယ်ကို ရာနဲ့ချီပြီးတော့ ကွာခြားနေတယ်။ ဒါလေးတော့ အားထုတ်ပြီးတော့ လုပ်ရမယ် UEC က” ဟု ဘူးလက်လှဆွေက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း မင်းအောင်လှိုင်နှင့် စစ်တပ်က မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ အကြောင်းပြ၍ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးကာ စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article