ရန်ကုန်၊ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ် သမားများက ကားဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဝင်ရောက် တိုက်ခိုက်မှု အတွင်း ကမာဝက်ရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။
“အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီလောက်မှာ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ကားနဲ့ လာပစ်တယ်လို့တော့ သိရတယ်။ အုပ်ကြီး အပါအဝင် ၂ ကောင်သေတယ်လို့တော့ သတင်းရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုဒုံမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားနေသော လက်နက်ကိုင် အဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ စစ်တပ်ကလည်း ပစ်ခတ်သူများကို ဖမ်းဆီးရေး လုံခြုံရေးတင်းကျပ်ထားကာ လက်ရှိအချိန်အထိ ပစ်ခတ်သူများမှာ ဘေးကင်းစွာ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။
လတ်တလော မုဒုံမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားသည့်အပြင် လူငယ်များကို စစ်မှုထမ်းအဖြစ် နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း၊ မုဒုံမြို့အဝင်အထွက်ကို ရဲနှင့် ပျူစောထီးများက စစ်ဆေးနေပြီး နေ့စဉ် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်မှုထမ်း လူစားထိုးများအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ရောင်းဝယ်နေကြကြောင်း သိရသည်။
အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နယ်ထိန်းရဲခေါင်းဆောင် သူရထွန်း၊ နယ်ထိန်းရဲ ရခိုင်၊ ရဲတပ်သား စာကလေး (ခေါ်) မြင့်သိန်း၊ ရဲတပ်သား ထွန်းအောင်ကျော်၊ ရဲတပ်သား ကလား၊ ရဲတပ်သား မိုးကြီးနှင့် ရဲတပ်သား ဝေလင်းဦး တို့က အဓိက လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်တပ်ဒေါက်တိုင်တစ်ဦးကို တော်လှန်ရေးရဲဘော်တစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
