26.3 C
Yangon

ပေါက်၊ မြိုင်နှင့် မင်းတပ် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံး၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိများပြားကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို နမခ မှ တက်လာသော Gyrocopter ၃ စီးက ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဗုံး ၁ လုံးသည် နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးကာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အကြားရှိ ကျောက်ခွက်ရွာနှင့် မှန်ရင်းရွာ အကြား

ရေနံမှော်များကို ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရေနံမြေ အလုပ်သမား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် တယ်ပင်ရေနံ့မှော်ဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရေနံ့မှော်လုပ်နေသည့် ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွားကြောင်း၊ ယင်းသို့ ဖမ်းဆီးသွားပြီးနောက် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ပြည်သူ ၂ ဦးမှာ သေနတ် ဒဏ်ရာ ၊ နားရွက်တွင် ဓားဒဏ်ရာ အပါအဝင် ထိုးကြိတ်ခံရသော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လေကြောင်း တိုက်ခိုက်တာတွေကတော့ နေ့စဉ်ကို လုပ်ဆောင်နေတာပါ။ ပြည်သူတွေကလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လေကြောင်း တိုက်ခိုက်တာတွေ ထပ်လုပ်လာမှာကို စိုးရိမ်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး Y12 ၊ Y8 ၊ Jet Fighter ၊ Gyrocropter ၊ Paramotor ၊ Drone အမျိုးမျိုး ဖြင့် လေကြောင်း တိုက်ခိုက်မှုများ ၊ လက်နက်ကြီး ၊ ဟောင်ဝှစ်ဇာများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် လုပ်ဆောင်နေခြင်းကြောင့် လေကြောင်း သတိ ၊ စစ်ရေး အသိ စစ်ရေးသတိဖြင့် နေထိုင်ကြဖို့ရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီခန့်တွင် မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာ ၂ ရွာကို တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article