ရန်ကုန်၊ အောက်တိုဘာ ၁၂
မြန်မာနိုင်ငံတစ်ဝန်းတိုက်ပွဲများသေဆုံးသွားသော အရာရှိနှင့်စစ်သားများ၏ ကျန်ရစ်သူမိသားစုများကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်၊ လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် မဲဖောက် အခန်းပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်း ရကြမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဟောင်း အိမ်ရာမြို့သစ်အဖြစ် ဒဂုံမြို့သစ်တောင်ပိုင်း လေးထောင့်ကန်တွင် အိမ်ခန်းပေါင်း ၄၀၀၀ ခန့် ပါဝင်သော မြို့သစ်စီမံကိန်းကို တည်ဆောက်လျက်ရှိရာတွင် အဆိုပါ အိမ်ရာသစ်တွင် တိုက်ပွဲအတွင်း ကျဆုံးသော အရာရှိနှင့် စစ်သည်များကို အခန်းများ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
“တပ်မတော်အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့အရာရှိတွေကတော့ မဲနှိုက်စရာမလိုဘဲ အခန်းရဖို့ရှိမယ်လို့ သိရတယ်။ စစ်သည်တွေကတော့ လျှောက်လွှာတင်ထားတာတွေကို မဲနှိုက်ပေးမယ်။ မဲပေါက်ရင် အခန်းရမယ်။ မဲမပေါက်သေးတဲ့ မိသားစုတွေကတော့ ထပ်စောင့်ရမယ်။ ကျန်ရစ်သူဇနီးသည်တွေအများစုကို အခန်းပေးမှာလို့ သိရတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ စစ်မှုထမ်းဟောင်း အိမ်ရာသစ်တွင် အဆောက်အအုံနှင့်အခန်းများ ထပ်မံ တိုးချဲ့မည်ဖြစ်ပြီး လျှပ်စစ်ာတ်အားပေးရန် နေရောင်ခြည်စွမ်းအင်သုံး Solar Plant ကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် ၇ လမ်းထောင့်တွင် Shopping Complex ကိုပါ ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ သေဆုံးသူ စစ်သားနှင့်အရာရှိများ၏ ဇနီးနှင့် ကျန်ရစ်သူမိသားစုများကို အခန်းများပေးအပ်ရာတွင် လစဉ် ခေါ်ယူလျက်ရှိသည့် စစ်မှု ထမ်းတပ်သားသစ်များ(ပ/စ)များ သေဆုံး၍ ကျန်ရစ်ခဲ့သော မိသားစုများကိုမူ အခန်းပေးမည်မဟုတ်ကြောင်း၊ စစ်သားအဖြစ် လုပ်သက် အနည်းဆုံး ၁၀ နှစ်အထက်ရှိနေသော သေဆုံးစစ်သားများ၏ ကျန်ရစ်သူမိသားစုများကိုသာ ယင်းအိမ်ရာတွင် နေစရာ အခန်း ရရှိနိုင်ရန် မဲဖောက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို တည်ဆောက်ခဲ့ပြီး စစ်တပ်မှ သေဆုံးစစ်သည်များ၏ မိန်းမများကို မဲနှိုက် နေရာချထားပေးခဲ့ကြောင်း၊ အဆိုပါ အိမ်ရာကို မုဆိုးမများအိမ်ရာဟု တက္ကစီသမားများနှင့် ဆိုင်ကယ်ကယ်ရီသမားများအကြား သတ်မှတ်ခေါ်ဝေါ်မှုများရှိကြောင်း သိရှိရသည်။
