28.9 C
Yangon

မဲစာရင်း မှားယွင်းမှုများကို လူမှုကွန်ရက်တွင် အကျယ့်တဝင့် တင်ပြခြင်းမပြုဘဲ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်း ဖြေရှင်းကြရန် ကြံ့ဖွတ်ပါတီအတွင်း ညွှန်ကြား၊ ရွေးကောက်ပွဲပုံရိပ်နှင့် စစ်တပ် ဂုဏ်သိက္ခာထိခိုက်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် မဲစာရင်း မှားယွင်းမှုများကို လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွင် အကျယ့်တဝင့် တင်ခြင်းမပြုဘဲ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်း ဖြေရှင်းကြရန် ကြံ့ဖွတ်ပါတီအတွင်း ညွှန်ကြားလာကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများ ထုတ်ပြန်ခဲ့ပြီး ယင်းမဲစာရင်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှားအယွင်းမြောက်များစွာ ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ မဲစာရင်းများ မှားယွင်းနေမှုကို နေပြည်တော်နယ်မြေတွင် ရွေးကောက်ပွဲဝင်မည့် ဘူးလက်လှဆွေက လူမှုကွန်ရက်မှတစ်ဆင့် အကြီးအကျယ် ဝေဖန်မှုများ လုပ်ဆောင်လာ ပြီးနောက် ကြံ့ဖွတ်ပါတီတွင်း ယင်းသို့ မဲစာရင်းမှားယွင်းမှုများကို လူမှုကွန်ရက်တွင် တင်ခြင်း၊ ပြောဆိုခြင်း၊ ဝေဖန်ခြင်း မပြုလုပ်ရန် ညွှန်ကြား လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မဲစာရင်းက အမှားအယွင်းရှိတယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်း ပြောဆိုလုပ်ကိုင်ပါ။ လူမှုကွန်ရက်မှာ တင်တာတွေ ပြောဆိုတာတွေ ဝေဖန်တာတွေက ရွေးကောက်ပွဲရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်။ ရွေးကောက်ပွဲကို ကျင်းပပေးမယ့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်ပေါ့။ အဲဒါကြောင့် မဲစာရင်းမှားရင် ကော်မရှင်နဲ့ မှန်အောင်လုပ်၊ မှန်အောင်ကြိုးစား။ ဖေ့ဘုတ်စ်မတင်နဲ့ တစ်တော့မတင်နဲ့ တယ်လီဂရမ်မတင်နဲ့ဆိုပြီး နှုတ်နဲ့ ညွှန်ကြားလာတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံမှန်ကန်သော မဲစာရင်းမျိုး ကမ္ဘာတွင် မရှိကြောင်း၊ ထို့ကြောင့် မဲစာရင်းမှားယွင်းမှုမှာ ဖြစ်တတ်သည့် သဘောဖြစ်ပြီး ပူးပေါင်း ဆောင်ရွက် ညှိနှိုင်းမှုဖြင့်သာ မဲစာရင်းအမှန်ကို ဆောင်ရွက်နိုင်မည်ဟု ကြံ့ဖွတ်ပါတီအတွင်း ရှင်းလင်းပြောဆိုလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ခန့်အပ်ထားသော လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး မြင့်ဆိုသူကလည်း ရွေးကောက်ပွဲအတွက် မဲစာရင်းများ အချက် အလက်ကွဲလွဲမှု ၊ မပြည့်စုံမှုနှင့် လိုအပ်ချက်များရှိနေကြောင်း ၊ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင် ပါ၊ မပါ အချက်အလက် ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိ မဲစာရင်း ထုတ်ပြန် ကြေညာထားသည့်နေရာများသို့ လာရောက် ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက် ဆောင်ရွက်နိုင်ရေး အသိပေးကြရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ပြောဆိုထားသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းသည်ကို အကြောင်းပြ၍ စစ်အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မတရား ဖမ်းဆီး ထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article