စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၁၃
တိုင်းရင်သားနှင့်တော်လှန်ရေးတပ်ဖွဲ့ ၆ ခု၏ ယနေ့ ထုတ်ပြန်ကြေညာသော ကြေညာချက်တွင် အချက် ၆ ချက် ပါဝင်ပြီး အဓိက အားဖြင့် NCA စာချုပ် လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံ တကာ သံတမန်များ တက်ရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်ရည်ရွယ်သော KNU၊ CNF၊ ABSDF နှင့် PNLO တို့က အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး NMSP နှင့် LDU တို့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်စဉ်ကာလ အတွင်း မြန်မာစစ်တပ်က လုပ်ငန်းစဉ်အား လွှမ်းမိုး ထိန်းချုပ်ခြင်း၊ ၎င်းတို့၏ စစ်တပ်ကြီးစိုးရေး မူဝါဒများဖြင့် တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက် များကို အကောင်အထည်မဖော်နိုင်ရန် တားဆီးခြင်းများပြုလုပ်ခဲ့သလို၊ စာချုပ်ပါ သဘောတူညီချက်များအား အကြိမ်ကြိမ် ချိုးဖောက်ခြင်းများရှိခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် စိတ်ရှည်ညည်းခံ၊ နည်းလမ်းရှာဖွေကာ တစိုက်မတ်မတ် ကြိုးစားခဲ့မှုကြောင့် သဘောတူညီချက်အချို့ရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း ကြေညာထားသည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများ နှင့် ရည်မှန်းချက်များ ကို ပြောင် ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်း သွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေကြောင်း၊ NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သော စစ်အုပ်စုက ပြည်သူလူထု ကို အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာခဲ့သည်သာမက လေကြောင်းတိုက်ခိုက်မှု များ အပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်လျက် ရှိစဥ်တွင်ပင် NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု တိုင်းရင်းသားလက်နက်ကိုင်နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ စုပေါင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်အုပ်စု၏ NCA အမည်ခံပြီး ပြုလုပ်သည့် ဟန်ပြလုပ်ငန်းစဉ်များ နှင့် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့၍ ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပရန် ပြင်ဆင် နေသည့် အတုအယောင် ရွေးကောက်ပွဲတို့သည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း၊နိုင်ငံ၏ အကျပ်အတည်းနှင့် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခများသာ ပို၍ ရှည်လျား စေမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
ပြည်သူလူထုကိုနေ့စဥ်ဗုံးကျဲသတ်ဖြတ်၊ လူငယ်များကိုအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းပြုလုပ်နေသည့် စစ်အုပ်စု ၏ ဟန်ပြလုပ်ငန်းစဉ်များ တွင်ပါဝင်ခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ် ပြည့်မြောက် အခမ်းအနားသို့ မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့် အတူရပ်တည်ကြောင်းပြသကြရန် UN, ASEAN နှင့် နိုင်ငံတကာသံတမန်များကို NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။
တိုင်းရင်းသားတော်လှန်ရေးတပ်များအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး၏လမ်းစဖြစ်သည့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မှုမရှိစေရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှုရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ရန်အတွက် တော်လှန်တိုက်ပွဲဝင် နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတကွ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်သည်အထိ သံန္နိဌာန်ချ တစိုက်မတ်မတ်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


