32 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းကလည်း ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး စစ်ကြောင်းထိုး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စတင်ပြီး လေယာဉ်၊ Gyrocopter များဖြင့် ဗုံးပတ်ကျဲနေပြီး မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်က စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော J-Fighter ၁ စီးသည် ရွာသာကြီးရွာကို ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးသည်လည်း ရွာသာကြီးရွာကို ဗုံ ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရွာသာကြီးရွာအပါအဝင် အနီးအနားရှိကျေးရွာများကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ လေယာဉ်၊ Gyrocopter များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ သမန်သာကျေးရွာ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာနေပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲတွင် ပြည်သူများ နေထိုင်ခြင်းမရှိသောကြောင့် ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ရွာသာကြီးရွာကို စစ်ခွေးတွေက လေယာဉ်နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကစတင်ပြီး နေ့တိုင်းနီးပါးကို ဗုံးကျဲ တိုက်ခိုက်နေတာပါ။ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှိမ်းမကားရွာသစ်မှ စစ်ဘေးရှောင် ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ စစ်အသုံးအဆောင် ပစ္စည်းများ သယ်ဆောင်ခိုင်းပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အင်းဒေါင်းရွာ၊ ငါးတိုက်တောင်ရွာ၊ မင်းရွာတောင်ရွာ၊ မင်းကုန်းလေးရွာနှင့် ဖိုးဝင်းတပ်ရွာမှ ပြည်သူများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article