ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြိုယုရွာအနီးတွင် ARSA အကြမ်းဖက်က ခရီးသည်တင် ကားတစ်စီးကို ဓားပြတိုက်ပြီး အမျိုးသမီး ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုပ်သီး စသည့် စားသောက်ကုန်များ ဝယ်ယူပြီး ကျောက်ပန္ဒူရွာသို့ လာသော ကား ၁ စီးကို မြိုယုရွာ အရှေ့ဘက် တံတားအနီး အရောက်တွင် ARSA အဖွဲ့က ခြုံခို တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ ခရီးသည်များနှင့် ကားမောင်းသမားတို့ကို ဖမ်းဆီးကာ စားသုံးကုန်များ အားလုံးကို ယူဆောင်သွားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးသွားသည့် နေရာသို့ အာရက္ခတပ်တော်က သွားရောက်စစ်ဆေးပြီး ဖမ်းဆီးခံရသူများကို လိုက်လံရှာဖွေစဉ် အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော အသက် ၃၀ အရွယ် ဝေဝေစိုး နှင့် အသက် ၄၀ အရွယ် နိုင်နိုင်ဆွေ တို့နှစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် အသက် ၃ နှစ်အရွယ် ခိုင်မြတ်မွန်ကိုလည်း မိခင်၏ ရုပ်လောင်းဘေး၌ အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် ယာဉ်မောင်းသူဖြစ်သူ အသက် ၃၀ အရွယ် ကိုထွန်းဝင်းနှင့် ခရီးသွားပြည်သူ အသက် ၂၅ နှစ်အရွယ် မောင်သန်းထွီး တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ARSAနှင့် RSO လက်နက်ကိုင် အဖွဲ့ဝင်များသည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် နေထိုင်သော အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ ပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာခြင်းကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် AA က သတိပေး ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




