32 C
Yangon

မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံက ငြင်းပယ်ရန် JFM က တောင်းဆို တိုက်တွန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

မြန်မာစစ်အုပ်စုက ကျူးလွန်နေသော ပြည်တွင်းပြည်ပ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုကို အာဆီယံက အဆုံးသတ်ပြီး စစ်တပ် ၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် Justice for Myanmar (JFM) က တောင်းဆို တိုက်တွန်းလိုက်သည်။

မြန်မာစစ်အုပ်စု ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုအား အဆုံးသတ်ရန်နှင့် မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ဖန်တီးရန်အတွက် တရားမဝင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး စစ်အုပ်စု၏ ကြိုးပမ်းနေမှုအား ဆန့်ကျင်ရန် JFM က တောင်းဆိုပြီး

ယခုတောင်းဆိုမှုသည် ကွာလာလမ်ပူမြို့တော်တွင် မလေးရှားနိုင်ငံက လက်ခံကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံက ၎င်းတို့၏ မအောင်မြင်သော ဘုံသဘောထား ၅ ရပ်ကို ပြဌာန်းခဲ့ပြီး ၄ နှစ်ကျော်ကာလသို့ ရောက်ရှိလာသည့်တိုင် မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုသာ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး၊ ယင်းသို့လုပ်ဆောင်နိုင်အောင် အာဆီယံ၊ ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၏ ကြံရာပါပတ်သက်မှုများက အားပေးကူညီခဲ့ကြောင်း JFM က ထောက်ပြသည်။

စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိရာ နိုင်ငံတဝန်း အရပ်ဘက် စစ်ဘက် မခွဲခြားသော အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများ၊ လူနေကျေးရွာများအား ရည်ရွက်ချက်ရှိရှိ စနစ်တကျဖျက်ဆီးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ စစ်အုပ်စုကြောင့် ထိခိုက်ခံစားရသူများတွင် ကလေးသူငယ်များ ပါဝင်မှုသည်လည်း မြင့်တက်လာကြာင်း၊ လူပေါင်း ၂၂,၀၀၀ ကျော်သည် တရားဥပဒေမဲ့ ထိန်းသိမ်းခံထားရပြီး၊ စစ်အုပ်စု၏ ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစားနေကြရဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် စောင့်ကြည့်ထောက်လှမ်းမှုများနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှုကိုလည်း အင်တိုက်အားတိုက် လုပ်ဆောင်လာကြောင်း သိရှိရသည်

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများက မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို လောင်စာ ဖြည့်အားပေးကူညီသည့်အပြင် ဘဏ္ဍာငွေအရလည်း ထောက်ပံ့နေကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အခြေစိုက်သည့် အနည်းဆုံး ကုမ္ပဏီ ၅၄ ခုသည် စစ်အုပ်စုနှင့် ၎င်းတို့၏ ဆက်စပ်ကုမ္ပဏီများနှင့် စီးပွားရေးဆက်နွှယ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ယင်းစီးပွားရေးဆက်နွှယ်မှုများတွင် လေယာဉ်ဆီ ရောင်းချပေးအပ်မှုများအပါအဝင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သစ်လုပ်ငန်း၊ မြေငှားရမ်းလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများပါဝင်ပြီး၊ ယင်းတို့သည် စစ်အုပ်စု၏ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးအား အသက်ဆက်ပေးနေသည့် အသက်သွေးကြောများလည်း ဖြစ်ကြောင်း JFM က ဆိုသည်။

စစ်အုပ်စုသည် ကမ္ဘာလုံးဆိုင်ရာထိခိုက်မှုများနှင့် ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်စေခဲ့သည့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် အခြားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများမှတဆင့် ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများကို ဘဏ္ဍာငွေ ဖြည့်တင်းလုပ်ဆောင်နေကြောင်း၊ အာဆီယံ၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်များသည် မြန်မာစစ်တပ်အား အစည်းအဝေးများတွင် တက်ရောက်ခွင့်၊ ထောက်လှမ်းရေးသတင်းအချက်အလက်နှင့် လေ့ကျင့်သင်တန်းများ တက်ရောက်ခွင့်တို့ကို ပေးအပ်ထားကြောင်း၊ အာဆီယံတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် စစ်အုပ်စုအတွက် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုကြီးများ ဆက်လက်ကျူးလွန်ရန်၊ ၎င်းတို့၏ စွမ်းဆောင်ရည်များကို တိုးချဲ့မြှင့်တင်ရန်၊ ဝါဒဖြန့်ချီမှုရည်ရွယ်ချက်များအတွက် ဇာတ်ကြောင်းဖန်တီးရန်၊ မှားယွင်းသော နိုင်ငံရေးတရားဝင်မှုရှာဖွေရန်၊ ဒေသတွင်းအင်အာကြီးနိုင်ငံများနှင့် နှစ်နိုင်ငံစစ်ရေးဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရန် တို့ကိုခွင့်ပြုပေးခဲ့ကြောင်း JFM က ထပ်မံ ထောက်ပြထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ငြင်းဆန်ခြင်း၊ အာဆီယံနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် စစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား တားမြစ်ပိတ်ပင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မြန်မာပြည်သူများ၏ လှုပ်ရှားရုန်းကန်မှုနှင့်အတူ ရပ်တည်ပေးခြင်းတို့ဖြင့် ၎င်းတို့၏ ကြံရာပါပတ်သက်နေမှုအား အဆုံးသတ်နိုင်မည့် အခွင့်အရေး ရှိနေကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်း ကိရိယာ၊ နည်းပညာနှင့် လေယဉ်ဆီလမ်းကြောင်းများကို ချက်ချင်း ဖြတ်တောက်ရမည်ဟု JFM က တောင်းဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုရဲ့ အမည်ခံရွေးကောက်ပွဲက ဒီမိုကရေစီကို ဦးတည်တဲ့ လမ်းကြောင်းတစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို မှားယွင်းစွာ တရားဝင်မှုပေးနိုင်ဖို့အတွက် စစ်အုပ်စုက ဒီဇိုင်းဆွဲထားတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေ စုစည်းတွေ့ဆုံချိန်မှာ သူတို့အနေနဲ့ တရားမဝင်စစ်အုပ်စုက ကျင်းပပေးတဲ့ လွတ်လပ်မျှတပြီး ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်ရပါမယ်။အာဆီယံအနေနဲ့ ဒီအတုအယောင်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲစောင့်ကြည့်သူများ စေလွှတ်ခြင်း မပြုရမယ့်အပြင်၊ စစ်အုပ်စုကို တရားဝင်မှုဖြစ်စေမယ့် ဘယ်နည်းလမ်းမျိုးကိုမဆို ငြင်းဆန်ရမှာ ဖြစ်ပါတယ်။ ” ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- အာဆီယံနိုင်ငံတချို့မှ လူငယ်များက မင်းအောင်လှိုင်ကို ဆန္ဒပြကြစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article