33 C
Yangon

ဝက်လက်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၁၀၀ ကျော် ကျဲချမှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၄၇ မိနစ်ခန့်အချိန်မှ စတင်ပြီး ဝက်လက်မြို့နယ် အနောက်ခြမ်း ဝက်လက်-ရွာသာကြီး လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဥ် ၁ စီးက ဗုံး ၄၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းကို ဗုံးစထိမှန်သူ ၁ ဦး ပါဝင်သောကြောင့် ဒဏ်ရာအခြေအနေကို ဆက်လက် စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံး ၃၇ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့က စစ်ခွေးတွေ ဗုံးကျဲ သွားတာကတော့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရတယ်လို့တော့ သိထားရတယ်။ ၁ ဦးကတော့ ဦးခေါင်းကို ဗုံးစမှန်လို့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်။ ဆေးကုသမှုပေးပြီးတော့ ဆက်လက် စောင့်ကြည့်နေရပါတယ်။ စစ်ခွေတွေရဲ့ လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်ကို ပြုလုပ်နေလို့ ပြည်သူတွေလည်း ဘေးလွတ်ရာကို ပြေးနေရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ပုံတောင် တောင်ကြောတ၀ိုက်ကို တိုက်ပွဲဖြစ်ပွဲဖြစ်ပွားခြင်းရှိဘဲ အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄၆ လုံးကျဲချ တိုက်ခိုက်သွားကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၂ နာရီ ၂၂ မိနစ်မှစပြီး ၁၂ နာရီ ၃၄မိနစ်ခန့် အထိ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးသည် ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ပုံတောင် တောင်ကြောတ၀ိုက်ကို တိုက်ပွဲဖြစ်ပွဲဖြစ်ပွားခြင်းရှိဘဲ ဗုံး ၄၆ လုံး ကျဲချတိုက်ခိုက်သွားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ် ပျက်စီးတာမျိုးတို့ကို ကျွန်တော် ဆက်လက် စုံစမ်းဆဲပါ။ မနေ့ညက ပေါ့နော ၇နာရီ၀န်းကျင်လောက်နေ ကင်းထောက်တာပေါ့။ မကွေးတပ် ATR 42 MPA ကင်းထောက်နဲ့ ပေါ့ ၁နာရီကျော်တာပေါ့။ ပေါက် ထီးလင်းနယ်အစပ်တွေကို နံနက်ပိုင်း ၁၂နာရီကျော်မှာ Y 12 နဲ့လာကျဲတာပေါ့။ ပုံတောင်ကြောနားတ၀ိုက်တွေပါ။ ပေါက် ထီးလင်းနယ် အစပ်တွေပေါ့”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article