မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သပြေချောင်ကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သောနေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း Voice of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၆ရက်နေ့ ညနေ ၆နာရီ ၄၁ မိနစ်ခန့်အချိန် မတ္တရာမြို့နယ် သပြေချောင်ကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်သောနေရာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၄ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ကျား ၂ ဦး မ ၂ ဦးစုစုပေါင်း၄ဦးသေဆုံးတယ်။ ၃ ဦးကပွဲချင်းပြီး သေဆုံးတယ်။ ၁ ဦးကဆေးရုံရောက်မှ ဆုံးတယ်”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်အချိန် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာသို့လည်း စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ပေါင် ၂၅၀ ဗုံး ၁ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု နေအိမ် ၁ အိမ်ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
စစ်တပ်က အောက်တိုဘာ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ TNLA ထိန်းချုပ်ထားသော ဒေသများသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး၊ သံဃာတော် များအပါအဝင် ပြည်သူ ၄၉ ဦးသေဆုံးခဲ့ ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







