မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၂ ခုခွဲ၍ ချီတက်လာသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်အဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင် ပျူရွာတွင် စခန်းချနေသည့် အကြမ်းဖက်စစ်တပ်က အနီးအနားရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာပြီး ဖောင်ကြောင်းရွာ ဘုန်းကြီးကျာင်းအတွင်း ရောက်ရှိလာ၍ ပြည်သူများ ထွက်ပြေးနေရကြောင်း ၊ အကြမ်းဖက်စစ်တပ်က ဖောင်ကြောင်းရွာ ဘုန်းကြီးကျောင်းထဲသို့ ရောက်ရှိနေသည့်အပြင် အောက်တိုဘာလ ၂၄ ရက်နေ့ ပခုက္ကူ ၁၀၁ တပ်မှ ထပ်ထွက်လာသည့် စစ်ကြောင်းကလည်း ငဖောင်ကန်ရွာမှ တစ်ဆင့် တဲကုန်းရွာဘက်သို့ ရောက်ရှိလာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ပြည်သူတွေ ဖမ်းခံရ၊ မရအသေးစိတ်တော့ မသိရသေးဘူးဗျ။ခုထိတော့ ဖမ်းခံရတယ် မကြားမိသေးပါဘူးဗျ။ ရှောင်ရတာကတော့ များလိမ့်မယ်ဗျ။ပခုက္ကူနယ်မှာ စစ်ကြောင်းက ၂ ခု ထိုးနေတာပါ”ဟု အညာမြေ အရပ်ဖက်အဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုမှာ ဦးတည်ရာ ခန့်မှန်းရခက်ခဲစေရန် လှည့်ပတ်သွားလာနေကြောင်း၊ ထို့ကြောင့် ပြည်သူများ စစ်ကြောင်းနှင့် မတိုးစေရန် အထူးသတိထားကြရန် လိုကြောင်း အညာမြေ အရပ်ဖက်အဖွဲ့အစည်း – မြိုင်က သတိပေးသည်။
ပခုက္ကူမြို့နယ်ရှိ ကျေးရွာများသို့ သင်္ကန်းဝတ် ဝါယမ ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့်စစ်တပ်က အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်စစ်ကြောင်းထိုးနေကြောင်း၊ ထို့ပြင် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလည်းရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ထန်းတပင်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း ညောင်ဂျစ်ပင် ပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစုထံမှ သိရှိရသည်။
ဓာတ်ပုံ – အညာဒေသသို့ စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




