စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ရာ အသက် ၁၆ နှစ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် စိုးရိမ်ရ ဒဏ် ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၄ လုံး ရမ်း သမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၆ နှစ်အရွယ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပြင်းအထန် စိုးရိမ်ရရှိကာ နေအိမ် မီးဖိုဆောင်တစ်ဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှမရှိပဲ အကြောင်းမဲ့ ပစ်တာပါ။ မိသားစုဝင်က ၂ ဦးပါပါတယ်။ သေဆုံးသူ အမျိုးသမီး တစ်ယောက်နဲ့ ဒဏ်ရာရအမျိုးသမီးတစ်ယောက် မိသားစုဝင်ပါ။ ကျန်တဲ့တစ်ယောက်ကလည်း ဆွေးမျိုးသားချင်းတော်စပ်သူပါ။ သူကလည်း စိုးရိမ်ရပါတယ်။ အခုတော့ တစ်ရွာလုံး ရှောင်နေကြရပါ တယ်။ ထပ်ပြီး လက်နက်ကြီးနဲ့ ပစ်မှာကြောက်ရလို့ပါ။ ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ငါးလုံးတင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အောက်တို ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြည်သူ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မေလ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ကလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ် ၁၂ လုံးမီးလောင်ပြာကျခဲ့သေးကြောင်း သိရသည်။
ထို့အပြင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းလည်း လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။







