By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံသို့ ယခုနှစ် မတ်လအတွင်း ရောက်ရှိခဲ့သော ရုရှား SU-30SME တိုက်လေယာဉ်များကို မြန်မာနှင့် ရုရှားပူးတွဲမောင်းနှင်ပြီး ကရင်၊ ချင်း အပါအဝင် တိုင်းရင်းသာဒေသများကို ဗုံးကျဲတိုက်ခိုက်မှုများ လုပ် ဆောင် နေပြီဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရုရှား SU-30SME လေယာဉ် ၆ စီးလုံး မှော်ဘီလေတပ်တွင် ရောက်ရှိနေပြီး ရုရှားတိုက်လေယာဉ်မှူးများက မြန်မာစစ်လေယာဉ်မှူးများကို ပူးတွဲလေ့ကျင့် မောင်းနှင်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ရုရှားတိုက်လေယာဉ်မှူးများကိုယ်တိုင် SU-30SME တိုက်လေယာဉ်များဖြင့် ကရင်နှင့်ချင်းပြည်နယ်များကို ဗုံးကျဲမှုများရှိကြောင်း ၊ ဇွန်လ ၃၀ ရက်နေ့ ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့သော မြန်မာတိုက်လေယာဉ်ကို ရုရှား လေယာဉ်မှူး မောင်းနှင်ခဲ့ကြောင်း သိရှိရသည်။
“SU-30SME တိုက်လေယာဉ်အသစ်တွေမှာ ရုရှားနဲ့ မြန်မာ ပူးတွဲပြီး ဗုံးကျဲတာတွေ တိုက်ခိုက်တာတွေ လုပ်နေပါပြီ။ မှော်ဘီလေတပ်ကနေပဲ တက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ထိုင်းဘက်ကို ကျွံ့သွားတဲ့ လေယာဉ်က ရုရှားတိုက်လေယာဉ်မှူးမောင်းတာပါ” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။
ရုရှား SU-30 တိုက်လေယာဉ် ၆ စီး မကြာမီ တပ်တော်ဝင်ရန် ရှိသော်လည်း တပ်တော်ဝင်မှု မပြုလုပ်ခင် အမောင်းသင်သဘောမျိုးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို ရုရှားနှင့်မြန်မာ ပိုင်းလော့များ ပူးတွဲ လေ့ကျင့် ဗုံးကျဲတိုက်ခိုက် နေခြင်းဖြစ်သည်ဟု သိရှိရသည်။
ရုရှားပိုင်းလော့များ မောင်းနှင်သော လေယာဉ်များဖြင့် ပြည်တွင်းနေရာများကို ဗုံးကျဲမှုမှာ ယခု ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၉-၂၀၂၀ ရခိုင်စစ်ပွဲကာလတွင်လည်း ရုရှားပိုင်းလော့များက Yak 130 တိုက် လေယာဉ်များမောင်း၍ ရခိုင်ဒေသကို ဗုံးကျဲခဲ့ဖူးသည်ဟု Operation Spitfire က ဆိုသည်။
ရုရှားလုပ် Yak 130 တိုက်လေယာဉ်များ စတင်ရောက်ရှိစဉ်ကာလ ၂၀၁၉-၂၀၂၀ ကာလများတွင် ရခိုင် ပြည်နယ်တွင် စစ်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုကာလက ရခိုင်ပြည်နယ်ကို Yak 130 တိုက် လေယာဉ်များဖြင့် ဗုံးကျဲရာတွင် ရုရှား တိုက်လေယာဉ်မှူးများက မောင်းနှင်ခိုင်ပြီး AAရှိနိုင်သည့် နေရာများကို ဗုံးကျဲခဲ့ကြကြောင်း၊ ၊ ယခုလည်း ရုရှား SU-30SME များကို တိုင်းရင်းသားဒေသများ ဗုံးကျဲရန် အသုံးပြုသည်ဆိုသော သတင်းမှာ ဖြစ်နိုင်ခြေများကြောင်း လေတပ် CDM အရာရှိ၊ စစ်သည်များနှင့် ဖွဲ့စည်းထားသော Operation Spitfire က အတည်ပြုပြောဆိုသည်။
“ရခိုင်စစ်ပွဲတုန်းက Yak 130 တွေရောက်ခါစမလို့ ရုရှားပိုင်းလော့တွေသုံးခဲ့ပါတယ်။ ရုရှားနဲ့မြန်မာတွဲသုံးတာ။ အခုအသစ်ရောက်တဲ့ SU-30တွေနဲ့ဗုံးကျဲမယ်ဆိုရင်တော့ ရုရှားပိုင်းလော့လိုဦးမှာ။ အရင် ရခိုင်ကို ဗုံးကျဲခဲ့သလိုပဲ ရုရှားနဲ့ မြန်မာတွဲသုံးမှာပဲ” ဟု Operation Spitfire က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ၂၀၂၂ ခုနှစ် မတ်လတွင် နေပြည်တော်ရောက်ရှိခဲ့သည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန် ၂၀၂၂ ခုနှစ်တွင် နေပြည်တော်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံး ကျည်များကို ပုံစံမျိုးစုံဖြင့် တပ်ဆင်နိုင်ကာ လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ် ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရုရှားလုပ် SU-30SME တိုက်လေယာဉ်တစ်စီး။