28 C
Yangon

ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ကင်းပုန်းနှင့် ရေးဘီလူး အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးဘီလူးအဖွဲ့က ခမရ ၅၉၁ တပ်ရင်းအတွင်းရှိ အရာရှိလိုင်းခန်းကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီနေ့ ၂ နာရီ ၁၅ လောက်မှာ ကျောင်းရွာကျေးရွာမှာရှိတဲ့ စကစတွေ ကင်းပုန်းလာထိုင်တဲ့ ရေစင်ကုန်းကို ကင်းပုန်းရှင်းရင်းနဲ့ ရောက်သွားတယ်။ ရေစင်ကုန်းက ကျောင်းရွာမှာဆိုရင် အမြင့်ဆုံးကုန်းလည်း ဖြစ်တယ်။ ကျောင်းရွာတစ်ရွာလုံး ရေပေးတဲ့ ရေစင်ကုန်းပေါ့။ ဒီရေစင်ကုန်းကို ကျွန်တော်တို့ ရထားတော့ စကစ တပ်ရင်းက အနိမ့်ပိုင်း ဖြစ်နေတာပေါ့ ။ ကျွန်တော်တို့ စကစ အရာရှိလိုင်းခန်းကို RPG ထုသွင်းနိုင်ခဲ့တယ်။ စကစ ဘက်ကလည်း ပြန်လည် ပစ်ခတ်တာမျိုးရှိသွားတော့ တိုက်ပွဲအနည်းငယ် ဖြစ်သွားတယ်။ တိုက်ပွဲကြာမြင့်ချိန်က မိနစ် ၂၀ လောက်ဖြစ်မယ်။ အထိအခိုက်မရှိဘဲ ကျွန်တော်တို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လက်ရှိချိန်ထိ ရမ်းသမ်း ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များက အထိအခိုက်မရှိဘဲ တပ်စခန်းကို ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်က လက်နက်ကြီး ပစ်ခတ်တာကတော့ အခုညပိုင်းအထိ ရမ်းသမ်းပစ်ခတ်မှုတွေက ရှိတယ်။ သူတို့ဘက်ခြမ်းက ထိခိုက်မှု ကျဆုံးမှုကိုအတိအကျ အတည်မပြုနိုင်ပေမယ့် သူတို့ဘက်ခြမ်းမှာ ထိခိုက်မှုရှိတယ်။ သူတို့ အထိနာတဲ့အတွက် အခုချိန်ထိ ပစ်ခတ်တာမျိုး‌တွေ ခုချိန်ထိ ရှိနေတုန်းပဲ” ဟု ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article