ရန်ကုန်၊ နိုဝင်ဘာ ၁၅
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲထည့်ရန် လိုက်လံစည်းရုံးနေသည့် ကြံ့ဖွတ်ပါတီဝင်ကို ပြည်သူ ၁ ဦးက ဓားဖြင့် လိုက်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း၊ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာတွင် ကြံ့ဖွတ်ပါတီကို မဲထည့်ကြရန်နှင့် မဲဆွယ်စည်းရုံးရေးအတွက် ဒေါ်အမာစိန်ဆိုသော ကြံ့ဖွတ်ပါတီဝင်က လိုက်လံ စည်းရုံးကြောင်း၊ ထိုသို့ လိုက်လံ မဲဆွယ်စည်းရုံးနေစဉ် အဆိုပါကျေးရွာတွင် နေထိုင်သော ပြည်သူ အသက် ၄၂ နှစ်အရွယ် ကိုဝင်းဦးက ဓားဖြင့် လိုက်လံ ခုတ်သဖြင့် ဒေါ်အမာစိန်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထိုသို့ လွတ်မြောက်သွေားသော်လည်း စစ်တပ်နှင့်ရဲက ဓားဖြင့် ခုတ်သော ပြည်သူ ကိုဝင်းဦးကို လိုက်လံ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ရွှေကျင်မြို့နယ်ရဲစခန်းတွင် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ပန်းခြံတွင် စိုက်ထူထားသည့် ကြံ့ဖွတ်ပါတီ၏ မဲဆွယ် ဆိုင်းဘုတ် ၁ ခု၊ ဗိုလ်ကံညွန့်ရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် ဇမ္ဗူဒိပ်လမ်းထောင့်တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီဆိုင်းဘုတ် ၁ ခု၊ သုမင်္ဂလာရပ်ကွက်ရှိလေးထောင့်ကန်လမ်းနှင့် သုမင်္ဂလာလမ်းထောင့်(ဇဝနလမ်းဆုံ)တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် ၁ ခုတို့ကို ပြည်သူ ၄ ဦးက ဖြိုလှဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မဲဆွယ်ဆိုင်းဘုတ်များကို ဖြိုလှဲမှုဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်မှ အသက် ၂၀ နှစ်အရွယ် ရွှေလင်းဦး နှင့် ဗိုလ်ကံညွန့်ရပ်ကွက်မှ အသက် ၂၀ နှစ်အရွယ် ခိုင်မင်းကို ၊ အသက် ၁၉ နှစ်အရွယ် စွမ်းထက်အောင် နှင့် အသက် ၂၈ နှစ်အရွယ် ချစ်လင်းကို တို့ကို စစ်တပ်က လာရောက် ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် သင်္ဃန်းကျွန်းမြို့မရဲစခန်း တွင် ရွေးကောက်ပွဲများ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
စစ်တပ်က ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။




