တနင်္သာရီတိုင်း၊ တနင်္သာရီမြို့အနီးရှိ အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့ တနင်္သာရီမြို့အနီးရှိ အောက်ကင်းရွာအခြေအစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သား မောင်ဇုန်းက တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်ပြီး လက်နက်နှင့် အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အလင်းဝင် စစ်မှုထမ်း တပ်သားမှာ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု ၊ ကျည် ၂၂၀ တို့ ယူဆောင်လာခဲ့ကြောင်း၊ စစ်မှုထမ်းတပ်သားမှာ ဘုတ်ပြင်းမြို့နယ် စကခ ၁၃ တွင် မွမ်းမံသင်တန်း ၂ ပတ်တက်ရောက်ခဲ့ပြီးနောက် မြိတ်မြို့ ၁၀၃ တပ်သို့ ပို့ဆောင်ခံရကြောင်း၊ ယင်းနောက် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းသို့ ရောက်ရှိလာပြီး သမုတ်ချုံးရွာဘက်ကို စစ်ကြောင်းထွက်လာစဉ် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက စစ်ကြောင်းထွက်လာရင်းနဲ့ သမုတ်ချုံးရွာ အနီးမှာ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ရှိတဲ့နေရာကို စုံစမ်း ဆက်သွယ်လာတာပါ။ သူက ပေါ်တာဆွဲခံရတာ ဟုမ္မလင်းမှာ ရှမ်းနီတပ်ဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲကို ပို့လိုက်တာ လောလောဆယ်တော့ ကျနော်တို့တပ်ဖွဲ့က ငွေကျပ် သိန်း ၂၀ ကနဦး ချီးမြှင့်ထားတယ်။ MOD က ချီးမြှင့်ငွေကျလာရင်လည်း ထပ်ပေးသွားမှာဖြစ်တယ်။ ကျန်ရှိနေတဲ့ စစ်မှုထမ်း တပ်သားသစ်တွေလည်း အမြန်ဆုံးအလင်းဝင်ကြပါလို့ ပြောချင်ပါတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ က ဖ) မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင်လည်း စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း အပတ်စဉ် ၁၅ တပ်သား ၁ ဦးသည် နွားထိုးကြီး PDF ထံ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်သူ့ရင်ခွင် ခိုလှုံလိုသော စစ်မှုထမ်း တပ်သားသစ်များကိုလည်း အလင်းဝင်ရောက်ကြရန် နွားထိုးကြီး PDF က ဖိတ်ခေါ်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







