အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီး Penny Wongကို ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာတွင် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂုဏ်ထူးဆောင် အထက်လွှတ်တော်အမတ် Penny Wong တို့ တွေ့ဆုံခဲ့ကြကြောင်း၊ တွေ့ဆုံမှုအတွင်း မြန်မာ့အရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိစ္စရပ်များပါဝင်ကြောင်း သိရှိရသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ကို မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဆောင်ရွက်နေမှုများနှင့် တိုးတက်မှုများ၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေး ဦးစားပေးကိစ္စရပ်များနှင့် လက်တွေ့ကျသော နိုင်ငံတကာ အကူအညီများ ရယူရန် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ခိုင်မာအောင် လုပ်ဆောင်ရန် ရည်ရွယ်သည့် စစ်တပ်၏ မည် သည့် လုပ်ငန်းစဉ်မျိုးကို မဆို ပယ်ချရန် အရေးကြီးကြောင်း၊ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်သည့် NUG ၏ လမ်းပြမြေပုံကိုလည်း ရှင်းပြခဲ့ကြောင်း သိရှိရသည်။
သြစတြေးလျနိုင်ငံ၏ အင်ဒို-ပစိဖိတ်ဒေသတွင် စွဲကိုင်ထားသည့် အခြေခံမူနှင့် လက်တွေ့ကျသော ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကို NUG က အသိအမှတ်ပြုကြောင်း၊ ဩစတြေးလျအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






