စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်မိသည့် အဆောက်အအုံများအတွက် ချပေးသည့် ငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက တစ်အိမ်လျှင် ၂၀ ရာခိုင်နှုန်းစီ ပြန်လည် ဖြတ်တောက်ရယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဝါးချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်သည် ရွာသားများကို အစည်းအဝေးခေါ်၍ ပျက်စီးသည့် အဆောက်အအုံများအတွက် တစ်ထပ်တိုက်ဆိုလျှင် ကျပ် သိန်း ၃၀၀ ၊ နှစ်ထပ်တိုက်အတွက် ကျပ်သိန်း ၆၀၀ ရရှိမည်ဟု ပြောဆိုခဲ့ပြီး အဆိုပါ ရရှိငွေများထဲမှ ၎င်းတို့ အဖွဲ့ကို ၂၀ ရာခိုင်နှုန်း ပေးရန် ဖြတ်တောက်ယူခဲ့ကြောင်း၊ အမှန်တကယ် ထိခိုက်ပျက်စီးသည့် အဆောက်အအုံပိုင်ရှင်များ ငွေရမည့် စာရင်းတွေ မပါဝင်ဘဲ အဆောက်အအုံထိခိုက်မှု မရှိသူများကို ငွေရရန် စာရင်းတွင် ထည့်သွင်းထားကြောင်း ကိုယ်တွေ့ကြုံနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“အမှန်တကယ်ဖြစ်တဲ့ အိမ်တွေက အရမ်းနစ်နာတာမို့ အထက်ကနေ ကွင်းဆင်းကြည့်ရှုပြီးမှ အလှူငွေ ပေးဖို့ တောင်းဆိုချင်တယ်။ အမှန်တကယ် ငလျင်ဘေးခံစားရတဲ့ ပျက်စီးတဲ့ အဆောက်အအုံတွေက မရဘဲ ဘာမှ မဖြစ်တဲ့ အုတ်တစ်ချုပ်တောင် မကျိုးကျတဲ့ ၊ တချို့ အိမ် မရှိတဲ့ လူတွေကိုပဲ ပေးတယ်။ ထိခိုက်တဲ့ အိမ်တွေက အကျင့်ပျက် ချစားမှုကြောင့် မရတဲ့ လူတွေ အများကြီးပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
ထို့ပြင် ဝါးချက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်သည် ၎င်းစာရင်းထည့်ထားသည့် ပျက်စီးခြင်းမရှိသော နေအိမ်များအတွက် ကျပ် သိန်း ၁၀၀ ရရှိလျှင် ငွေကျပ် သိန်း ၂၀ ရာခိုင်နှုန်းားဖြင့် ၂၀ ရာခိုင်နှုန်း ဖြတ်တောက်ယူထားကြောင်း သိရှိရသည်။
“ငလျင်ကြောင့် အိမ်ပျက်စီးပေမယ့် ငွေရမယ့်စာရင်းမှာ မပါလို့ သွားပြောတော့လည်း သူတို့နဲ့ မဆိုင်ဘူး။ နိုင်ငံတော်က ပေးတာလို့ ပြောတယ်။ တခြား သွားပြောတဲ့ လူတွေကိုလည်း အဲဒီလိုပဲ ပြောတယ်။ အပေါ်မှာ ပျက်စီးနေတာတွေလည်း မပြင်နိုင်လို့ မပြင်ရသေးဘူး။ အခု အထက်က ဆင်းပြီး လာစစ်ရင် ရတယ်။ ကျမတို့ တစ်အိမ်တည်း မဟုတ်ပါဘူး။ တခြား ၁၀ တိုက်လောက်ကို အဲဒီလိုလုပ်တာ”ဟု ငလျင်ကြောင့် နေအိမ်ပျက်စီးခဲ့သူတစ်ဦးက ပြောဆိုသည်။
ယခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် ပြည်သူထောင်ချီသေဆုံးခဲ့ရပြီး နေအိမ်၊ တိုက်တာအဆောက်အအုံနှင့် လမ်းများစွာ ပျက်စီးခဲ့ရသော်လည်း လက်ရှိအချိန်အထိ ပြန်လည် ထူထောင်ရေးအတွက် ပြည်သူများမှာ နာလန်မထူသေးကြောင်း မန္တလေးနှင့် စစ်ကိုင်းမှ ငလျင်ဒဏ်သင့်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




