32 C
Yangon

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှု “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် ဆက်လက်သတ်မှတ်ခံရပြီး မြန်မာကလေးငယ် ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာကို ကိုးကား၍ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီးများစွာတွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့မျိုးစုံတို့၏ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ နေ့စဉ်ဖြစ်ပျက်နေသည့် လက်နက်ကြီးပစ်ခတ်မှုများ၊ လက်နက်ကိုင်တိုက်ပွဲများနှင့် နေရာအနှံ့ တိုက်ပွဲဖော်ဆောင်မှုများကြောင့် အရပ် သားများ ထိခိုက်မှုနှင့် နေရာအနှံအပြားတွင် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ ဖြစ်ပွားနေဆဲပဋိပက္ခ၊ ရေကြီးရေလျှံခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သည့်ငလျင် အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ဆင့်ကဲ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း OCHA က ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင်၊ အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အဟာရပြည့်၀မှုဆိုင်ရာ အခြေအနေများမှာ လျင်မြန်စွာ ဆုတ်ယုတ်လာနိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆သန်းရှိမည်ဟု ခန့်မှန်းထားပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲများကြောင့် မိသားစုများစွာသည် ၎င်းတို့ နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမို များပြားလာခဲ့ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် ဘေးအန္တရာယ်များကြောင့် ကလေးငယ်ပေါင်း ၁ သန်းကျော်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသည်ဟု သြစတြေးလျ မြန်မာသံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့ ထုတ်ပြန်ချက်၌ သြစတြေးလျ မြန်မာသံရုံးမှ ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာပြည်သူ ၃ သန်းခွဲကျော် နိုင်ငံတွင်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရပြီး ယင်းအထဲက ၃၀ ရာခိုင် နှုန်းနီးပါးသည် ကလေးငယ်များဖြစ်ကြောင်း UNICEF က ပြောဆိုထားသည်ဟု သြစတြေးလျ မြန်မာသံရုံးက ဆိုသည်။

“ကလေးငယ်တွေဟာ လူမှုအသိုက်အဝန်းရဲ့ အငယ်ဆုံးအဖွဲ့ဝင်တွေပါ။ မိမိတို့ အနေနဲ့ အနာဂတ်မှာပါဝင်မယ့် ကလေးငယ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ပဋိပက္ခနဲ့ဘေး အန္တရာယ်ဖြစ်ပွားလေ့ရှိသော အခြေအနေတွေမှာ သူတို့ကြုံရတဲ့ စိန်ခေါ်မှုများစွာကို ထုတ်ဖော်လုပ်ဆောင်ဖို့လိုပါတယ်” ဟု သြစတြေးလျ မြန်မာသံရုံးက ပြောသည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့ကလေးငယ်များနေ့တွင် သြစတြေးလျနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှု လုပ်ငန်း အစီအစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံမှ ကလေးငယ်များအား ဆက်လက် ပံ့ပိုးပေးသွားမည်ဟု ထပ်လောင်း ကတိပြုထားသည်။

“ဒီကမ္ဘာ့ကလေးများနေ့မှာ သြစတြေးလျဟာ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်း အစီအစဥ်တွေကတစ်ဆင့် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာနဲ့ ထိခိုက်လွယ်အသိုက်အဝန်းများရှိ ကလေးငယ်တွေအပါအဝင် ကလေးငယ်အားလုံးရဲ့ အခွင့်အရေးနဲ့ ကိုယ်စိတ်ကျန်းမာရေးတို့ကို ကာကွယ်ဖို့ရာထားရှိတဲ့ မိမိတို့ရဲ့ ကတိကဝတ်နဲ့ ကာလရှည်ပံ့ပိုးမှုတွေကို ထပ်လောင်းအတည်ပြုပါတယ်” ဟု ဆိုသည်။

ဗြိတိသျှအစိုးရကလည်း မြန်မာနိုင်ငံမှ ကလေးငယ်များအား ဆက်လက် ထောက်ပံ့ပေးမည်ဟု ယနေ့ ကမ္ဘာ့ကလေးများနေ့တွင် ထပ်မံ ကတိကဝတ်ပြုကြောင်း UK မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

“ယနေ့ကျရောက်တဲ့ ကမ္ဘာ့ကလေးများနေ့မှာ ဗြိတိသျှသံရုံး ရန်ကုန်ဟာ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ UNICEF နဲ့ မြန်မာနိုင်ငံအနှံ့ရှိ ကလေးများနဲ့အတူ ရပ်တည်ပါတယ်။ လုံခြုံပြီး ကျန်းမာတဲ့ဘဝဟာ ကလေးတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။ ကလေးငယ်တိုင်း ပညာရေးအခွင့်အလမ်း၊ ကျန်းမာရေးအစောင့်အရှောက်၊ အာဟာရနဲ့ အကာအကွယ်များရရှိကာ ကျန်းမာတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်နိုင်ရန် ကူညီထောက်ပံ့ဖို့ မိမိတို့ အတူတကွ ကတိကဝတ်ပြုထားပါတယ်” ဟု ဆိုသည်။

ကလေးငယ်တိုင်းသည် ၎င်းတို့၏ အသံများ၊ စိတ်ကူးများကို ဖော်ထုတ်ပြောဆိုခွင့် ရှိသည့်အပြင် ကလေးအခွင့်အရေးများကိုလည်း အပြည့်အဝ ရရှိခံစားခွင့် ရှိရမည်ဟု ယနေ့ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့တွင် UNICEF မြန်မာက ထုတ်ပြန်ထားသည်။

ကလေးငယ်များ၏ အသံများကို နားထောင်ရန် UNICEF မြန်မာကိုယ်စားလှယ် Mr Yasumasa Kimura က ကရင်ပြည်နယ်သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

“ကလေးများနေ့မှာ အရေးကြီးဆုံးအရာဖြစ်တဲ့ ကလေးတွေရဲ့အသံကို နားထောင်ဖို့အတွက် ကရင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ကျောင်းပြန်တက်ဖို့ အခက်အခဲရှိခဲ့တဲ့ ကလေးတွေ၊ နေရပ်စွန့်ခွာခဲ့ရတဲ့ ကလေးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးများကလည်း သူတို့ရဲ့ အိပ်မက်တွေနဲ့ အနာဂတ်အတွက် မျှော်မှန်းချက်တွေကို မျှဝေခဲ့ကြပါတယ်။ ကလေးတိုင်းဟာ သူတို့ရဲ့အသံတွေ၊ စိတ်ကူးတွေကို ဖော်ထုတ်ပြောဆိုခွင့်ရှိသည့်အပြင် ကလေးအခွင့်အရေးများကိုလည်း အပြည့်အဝ ရရှိခံစားခွင့် ရှိရပါမယ်” ဟု ထုတ်ပြန်ထားသည်။

ကလေးငယ်များသည် ၎င်းတို့၏ အခွင့်အရေးများကို အလေးထား ဖြည့်ဆည်းပေးမည့် ကမ္ဘာကြီးကို လိုချင်ကြကြောင်းနှင့် ကလေးငယ်များ၏ အသံကို နားထောင်ပေးပြီး အခွင့်အရေးများ သိရှိစေရန် ပြောပြပေးရန် လိုအပ်ကြောင်းလည်း UNICEF မြန်မာက ဆိုသည်။

မြန်မာနိုင်ငံမှ ကလေးငယ်များသည် ၎င်းတို့၏ မူလအခြေခံအခွင့်အရေးများ ရရှိရေးကို အဟန့်အတားဖြစ်စေသည့် အတားအဆီးများအား ရင်ဆိုင်ရာတွင် ထူးထူးခြားခြား ခံနိုင်ရည်ရှိလှကြောင်း သိသာထင်ရှားတွေ့ရှိရသည်ဟု ဂျာမနီ မြန်မာသံရုံးက ထုတ်ပြန်ပြောသည်။

“ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံမှာသာမက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကို ပိုမိုအား ကောင်းလာစေဖို့၊ သင်ကြားရေးအခွင့်အလမ်းများချဲ့ထွင်ဖို့၊ ကလေးငယ်တွေရဲ့ အသံတွေကို ပိုမိုကြားရပြီး ကျန်းမာတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးထွားလာစေဖို့ လူ့အဖွဲ့အစည်းအသီးသီးနဲ့ ပူး ပေါင်းလုပ်ဆောင်လျက်ရှိပါတယ်” ဟု ဂျာမနီမြန်မာသံရုံးက ဆိုသည်။

UNICEF နှင့် ဂျာမနီအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းသို့ အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော် လှူဒါန်းခဲ့ပြီး ဂျာမနီနိုင်ငံသည် UNICEF ၏ အဓိက အလှူရှင်နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article