31 C
Yangon

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာပြည်သူများ ပါဝင်နိုင်စေမည့် အခြေ အနေမရှိ၍ ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော အကြိမ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက မဲမခွဲဘဲ တူညီဆန္ဒဖြင့် အတည်ပြု လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂတွင် အတည်ပြုလိုက်သော အဆိုမူကြမ်းတွင် မြန်မာစစ်အုပ်စုက ပဋိပက္ခများ မြင့်တက်နေသည့်ကာလ၌ (အတုအယောင်) ရွေးကောက်ပွဲ ကျင်း ပ ပြုလုပ်ရန် ရည်ရွယ်သည့်အပေါ် အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေခြင်းတို့က ရိုဟင်ဂျာ နှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူများအတွက် (အတုအယောင်) ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေမည့် အခြေအနေ မရှိသကဲ့သို့ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ခွင့် အခွင့်အရေးလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊ ယင်းမှာ အခြေခံကျသည့် အချက်များအဖြစ် ပါဝင်သည်ဟု သိရှိရသည်။

ထို့ပြင် စစ်အုပ်စုမှ နိုင်ငံ၏ နယ်မြေအများစု နှင့် နိုင်ငံရေးပါတီများကို ချန်လှပ်ကာ (အတုအယောင်) ရွေးကောက်ပွဲအား တစ်ဖက်သတ် စီစဉ်ရန် ကြိုးပမ်းနေ သည့်အပေါ်လည်း အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုအား တရားဝင်မှု ရှိစေရန် (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ကောင်း၊ ထိုသို့သော (အတုအယောင်) ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိနိုင်မည် မဟုတ်ဟူ၍ လည်းကောင်း၊ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့်အကြားက (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပခြင်းမှာ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ သတ် မှတ်ချက်နှင့် ကိုက်ညီသော အခြေအနေမဟုတ် ဟူ၍ လည်းကောင်း၊ ထို့ပြင် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မရှိဘဲ (အတုအယောင်) ရွေး ကောက်ပွဲ ကျင်းပမည့်အပေါ် ကြီးစွား စိုးရိမ်ရသည်ဟုလည်းကောင်း စသည် ဖြင့် နိဒါန်းစာပိုဒ်များနှင့် အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုဒ် နှစ်နေရာလုံးတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။

အဆိုမူကြမ်းကို အတည်ပြုဆုံးဖြတ်ရာတွင် ယခင်နှစ်များနည်းတူ မဲမခွဲဘဲ တူညီဆန္ဒဖြင့်သာ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း၊ အတည်ပြုခဲ့သည့် အဆိုပါ အဆိုမူကြမ်း A/C.3/80/L.32/Rev.1တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားသောလူနည်းစုများအတွက် တာဝန်ယူမှု ရှိစေရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်း ကြောင်း ပေါ်သို့ ပြန်လည်သွားရောက်နိုင်ရေး ရည်ရွယ်ချက် ၂ မျိုးလုံးအတွက် ဖော်ဆောင်ပေးသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှုမြင်ပြီး အဆိုမူကြမ်းတွင် မိမိတို့၏ အဓိကကျသော စိုးရိမ်ပူပန်ချက်များကို ထည့်သွင်း ဖော်ပြထားသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယင်းအပြင် စစ်အုပ်စုမှ ကျေးရွာများအား နေရာအနှံ့မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အကျပ်နေရပ်စွန့်ခွာစေခြင်းနှင့် အရပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် စနစ်တကျ အကြောက်တရား ရိုက်သွင်းခြင်း စသည့် လုပ်ရပ်များဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန်အရှိန်အဟုန်မြှင့်တင်လာသည့်အချက်ကို အဆိုမူကြမ်း၌ မှန်ကန်စွာ ထည့်သွင်း ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလည်း ကျဆင်းဆုတ်ယုတ်နေပြီး လူဦးရေ၏ ထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေ၊ တရားဥပဒေစိုးမိုးရေးကလည်း ပြိုလဲကာ အကျင့်ပျက်ချစားမှုများသာတိုးပွားလာပြီး စစ်အုပ်စုမှအကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်က ကျယ်ပြောသည်ထက် ကျယ်ပြော၊ နက်နဲသည်ထက် နက်နဲလာနေသည်ဟု သံအမတ်ကြီးက ထောက်ပြသည်။

စစ်အုပ်စုနှင့် ၎င်းတို့၏အစွယ်အပွားလက်ဝေခံများအနေဖြင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့်လူနှင့် မူးယစ် ဆေးဝါးကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမို ကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ကိုင်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကြီးမားသော နောက်ဆက်တွဲ​ဆိုးကျိုးများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ အခြားသောနေရာဒေများအနှံ့သို့ပါ ကူးစက်ပျံ့ပွားကာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုပင် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံနှင့် အခြားသောနေရာများတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်း လိမ်လည်မှုများနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ အပြီးတိုင် ပပျောက်စေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ထံမှ ညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေကြောင်း၊ စစ်အုပ်စုကမူ ၎င်းတို့ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများအား ဖုံးဖိဖျောက်ဖျက်နိုင်ရန် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှ ရှောင်လွှဲနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား စီစဉ်လျက် တရားဝင်မှု ရရှိနိုင်ရေး မတရား ဆက်လက် ကြိုးပမ်းနေကြောင်း သံအမတ်ကြီးက အသိပေးပြောဆိုထားသည်။

စစ်တပ်က မြန်မာ ပြည်သူများ၏ဆန္ဒ အလျဉ်းမပါဝင်သော မသမာသည့်လုပ်ငန်းစဉ်ကို နောက်ဆုံးလက်နက်သဖွယ် အသုံးချကာ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအား လှည့်ဖြားရန် ကြိုးစားနေကြောင်း၊ ပြည်တွင်း၌ နေထိုင်လျက်ရှိသော ပြည်သူများ၊ အထူးသဖြင့် အနုပညာရှင်များအနေဖြင့် ဓားစာခံ ဖြစ်ကာ ဖိအားပေးခံနေရပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် မျက်နှာပြပေး၍ အသုံးချခံနေရသည့်အပေါ် ကြေကွဲဝမ်းနည်းရကြောင်း ၎င်းက ကုလသမဂ္ဂတွင် ပြောဆိုသည်။

စစ်အုပ်စု၏ တရားမဝင်မှုအား မြင်သာစေနိုင်သည့် စာသားများ ပါဝင်လာသည့်အပေါ် ကြိုဆိုသည့်တပြိုင်နက် စစ်အုပ်စု စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်ပြီး မြန်မာပြည်သူများမှ မိမိတို့၏ အနာဂတ်အား ပြန်လည် ရယူနိုင်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားအပေါ် အပြု သဘောဆောင်စွာ အကျိုးပြုနိုင်မည့် ငြိမ်းချမ်းသော၊ အားလုံး ပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ အသိုက်အဝန်းက ပါဝင်အားဖြည့်ပေးနိုင်ရန် သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article