အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် စောချစ်သူတွင် ကျားဖြန့်နှင့်ပတ်သက်၍ အပြစ်မရှိ၍ ထွက် ပြေးခြင်းမရှိကြောင်း BGF ပြောခွင့်ရ နိုင်မောင်ဇော်က ထိုင်းသတင်းမီဒီယာများသို့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိ ရွှေကုက္ကိုလ်အတွင်း ကျားဖြန့်များကို ဖမ်းဆီးရာတွင် စစ်တပ်နှင့်အတူ BGF က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မင်းအောင်လှိုင်၏ အမိန့်ကို ခံယူ၍ BGF က ကျားဖြန့်ရှင်းလင်းရေးကို စစ်တပ်နှင့်အတူ ပူးတွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကရင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ စီမံကွပ်ကဲမှုအောက်တွင် ကျားဖြန့်များကို ပိတ်ဆို့ ဖမ်းဆီးနေကြောင်း၊ BGF ခေါင်း ဆောင် စောချစ်သူနှင့်ပတ် သက်၍ ထွက်ပြေးခြင်းမရှိဘဲ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နေ၍ မအားမလပ်ဖြစ်နေကြောင်း၊ စောချစ်သူတွင် ဘာအပြစ်မှ မရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
“ကျနော်တို့အကြီးအကဲက ကျနော်တို့အမြင်မှာ အများကတော့ စွပ်စွဲချက်တွေကတော့ အများကြီးရှိတာပေါ့။ လက်ရှိကတော့ မြေပြင်မှာက ကျနော်တို့က ဒီ Scammer လုပ်ငန်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းလည်း လုံး၀ မရှိဘူး။ ကျနော်တို့ ဒီမြေကြီးပေါ်မှာ လာပြီးတော့ အဆောက်အဦးဆောက်တယ်။ ဒီအဆောက်အဦးပေါ်မှာ ဟိုတယ်ဆောက်တယ်။ ဒီဟိုတယ်ထဲမှာ ဘာလုပ်နေလဲ ကျနော်တို့ မသိဘူး။ ကျနော်တို့ သိတဲ့အချိန်မှာလည်း အခုလို ပူး ပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးမှုတွေရှိတယ်။ရှိတဲ့အခါကျတော့ ကျနော်တို့ အကြီးအကဲမှာ ဘာအပြစ်မှမရှိဘူး။ ဘာအပြစ်မှမရှိတဲ့အတွက်လည်း ပြေးဖို့ ဘာဖို့လည်း မရှိပါဘူး။ သူ သူ့အလုပ်သူလုပ်နေတယ်။ သူ့ရဲ့ဒေသဖွံ့ဖြိုးရေးအလုပ် တွေနဲ့ သူ မအားလပ်ဘူး။ ကျနော်တို့ကို ညွှန်ကြားစရာရှိတာတွေ ဒီကျားဖြန့်တိုက်ဖျက်ရေး ကို ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ ညွှန်ကြားတယ်။ပြီးတော့ ကျနော်တို့ အကြီးအကဲက သူ့ဟာသူလမ်းဖောက်တယ်။ဘာသာရေးအဆောက်အဦးတွေဆောက်တယ်။ အဲဒီ့ဘက်တွေသွားကြည့်နေတာရှိတယ်။ ကျနော်တို့ အကြီးအကဲက ဘယ်မှ မပြေးပါဘူး”ဟု BGF နိုင်မောင်ဇော်က ပြောဆိုသည်။
ယင်းအပြင် ရွှေကုက္ကိုလ်အတွင်းမှ ကျားဖြန့် တရုတ်သူဌေးများကို BGF က သယ်ထုတ်ပေးနေသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ထိုကဲ့သို့ ဖြစ်စဉ်များ မရှိကြောင်း၊ တရုတ်သူဌေးများက ရွှေကုက္ကိုလ်တွင်မနေဘဲ လုံခြုံသည့်နေရာတွင် နေကြကြောင်း၊ တရုတ်သူဌေးများကို ရွှေ့ပြောင်းပေးခြင်းမရှိဘဲ မြန်မာပြည်နွယ်ဖွား တရုတ်များသာ ပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တရုတ်သူဌေးတွေကို ကြိုရွှေ့ထားတာမရှိပါဘူး။ ကျနော် ခဏခဏ ပြောဖူးတဲ့စကားရှိတယ်။ သူဌေးတွေက ကျနော်တို့ဆီမှာ မနေပါဘူး။ သူဌေးတွေက ဒီလို နေရာသေးသေးလေးမှာ ဘာမှ ဇိမ်ခံကောင်းစရာလည်းမရှိတဲ့ နေရာမှာ မရှိပါဘူး။ သူတို့က ရှင်းရှင်းပြောရင် ကျနော် လေ့လာသလောက်ဆိုရင် ငွေကြေးလည်း ချမ်းသာတဲ့သူတွေက လုံခြုံပြီးတော့မှ ဒီလောက် ပြဿနာတွေ ရှုပ်ထွေးနေတဲ့ နေရာမှာ ဘယ်သူဌေးမှလည်း မနေပါဘူး။ ဆိုလိုရင်းက ရေမြေပထဝီဝင် အနေအထားအရ မကောင်းတာလုပ်တဲ့သူက ပြေးလို့ လွယ်တဲ့နေရာမှာပဲ သူ နေမှာပေါ့။ အဲဒီတော့ ဆိုလိုချင်တာက ကျနော်တို့ဆီမှာ အဲဒီ သူဌေးတွေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းတာ လုံး၀ မရှိပါဘူး။ ဒီကာလတွေမှာ မြန်မာနိုင်ငံသားတွေက တရုတ်တွေ ထွက်ပြေးသွားတာဖြစ်တဲ့အတွက် တချို့ အလုပ်အကိုင်တွေ မရှိလာတာဖြစ်တဲ့အတွက် စျေးဆိုင်ဖွင့်ထားတဲ့သူက နေခဲ့မှာပေါ့။ ဟိုတယ်ဖွင့်ထားတဲ့သူက နေခဲ့မှာပေါ့။ မြန်မာပြည်ဖွား တရုတ်တွေပဲ ပြန်နေကြတာ။ တရုတ်တွေကို ပို့ဆောင်ခြင်း လုံး၀ မရှိပါဘူး” ဟု BGF နိုင်မောင်ဇော်က ဆိုသည်။
လက်ရှိတွင် ရွှေကုက္ကိုလ်တွင် ဆိုက် ၂၂ နေရာကို စီးနင်းခဲ့ပြီး လူပေါင်း ၉၀၀ ကျော်ကို ဖမ်းဆီးကာ ကွန်ပျူတာ ၃၀၀၀ နီးပါးနှင့် ဖုန်းပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းရရှိထားကြောင်း နိုင်မောင်ဇော်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




