31 C
Yangon

ယင်းမာပင်၊ ကန့်ဘလူနှင့် သံတောင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သစ်ရာပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ သစ်ရာပင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသော နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ရွာကို ဘာပစ်မှတ်ရှိလို့ အခုလို လုပ်နေတာတာ့မသိဘူး။‌ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိသလို စစ်ရေးပစ်မှတ်လည်းဘာမှမရှိပါဘူး။ အခုတစ်ကြိမ်မှာတော့ စစ်တပ်က ဗုံး ၄ လုံး ကျဲချသွားတာ ရွာလယ်လမ်းမကြီးပေါ် ၂ လုံးကျတယ်။ လူနေအိမ်တစ်လုံး ပေါ်တည့်တည့်တစ်လုံးကျတယ်။ ရွာအပြင်လယ်ကွင်းတွေဘက် ၁ လုံးကျတယ်။ ဗုံးကျလို့ စပါးရိတ်ပြန်တဲ့ ပြည်သူ ၂ ဦး ကျည်စထိမှန်သလို နွား၃ ကောင်လည်း သေဆုံးခဲ့ရတယ်။ ဒဏ်ရာရအမျိုးသား ၂ ဦးက‌တော့ အသက်အန္တာရယ် မစိုးရိမ်ရပါဘူး။အခုလိုကြီး ပစ်မှတ်ထားတိုက်ခိုက်နေတာကြီးကတော့ တရားလွန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်ခဲ့သော သစ်ရာပင်ကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ရှိသော ကျေးရွာဖြစ်ကြောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း စစ်တပ်က ကျေးရွာအတွင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လူနေအိမ် တချို့ပျက်စီးခဲ့သေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

“ကျနော်တို့ သိရတာတော့ ပြည်သူ ၁ ဦး ထိခိုက်မှုရှိတယ်လို့ ကြားတယ်။ ဒဏ်ရာအခြေအနေ မစိုးရိမ်ရပါဘူး” ဟု ကောလင်းခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးသွားကြောင်း KNU – TawOo District က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဘုရင့်နောင်တပ်မြို့မှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သံတောင်ကြီးမြို့၊ အမှတ် ၃ ရပ်ကွက်အတွင်းရှိ နော်ဝင်းတလုံး နေအိမ် နှင့် နော်လိုအေး နေအိမ်တို့ ထိမှန်ပျက်စီးခဲ့ကာ အသက် ၂၁ နှစ်အရွယ် နော်ချစ်စု ကိုယ်ဝန် ၈ လသည်ကို လက်နက်ကြီးကျည်စ လည်ပင်းတွင် ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က သံတောင်လမ်းကို မကြာခဏ ပိတ်ဆို့မှုကြောင့် ပြည်သူများသွားလာရ ခက်ခဲနေပြီး လက်နက်ကြီးရန်များကိုလည်း စိုးရိမ်ကြောက်ရွံ့ လျက်ရှိနေကြောင်း KNU – TawOo District က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article