ဆင်ဆာ ဆိုတာလည်း အတော်လေး ကို ဖြေလျော့မှုရှိခဲ့ပြီး ပညာတတ် လူလတ်တန်းစားတွေတောင်မှ မြန်မာရုပ်ရှင် အပါအဝင် ပြည်တွင်း အနုပညာကို ပြန်လည် စားသုံးလာခဲ့ကြပါတယ်။ အဲဒီကာလမှာ အနုပညာရပ်ဝန်းတစ်ခုလုံးက အင်မတန်ကို လှုပ်လှုပ်ခတ်ခတ်ရှိခဲ့ပါတယ်။
အဲဒီအချိန် အနုပညာရပ်ဝန်းက အင်မတန်ကောင်းမွန်ခဲ့ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်တောင် တိုးတက်တဲ့ အခြေအနေမျိုးရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးပြောင်းလဲမှုကနေတစ်ဆင့် လူမှုစီးပွား မတည်ငြိမ်မှုတွေ ၊ ဘယ်တုန်းကမှ မကြုံဘူးတဲ့ အခုလို ပြည်တွင်းစစ် အခြေအနေတွေနဲ့ အဲဒီအကျိုးဆက်တွေကြောင့် ကနေ့အချိန်အခါမှာတော့ “အနုပညာ” နဲ့ “နိုင်ငံရေး” တို့က ခွဲခြားခက်ခဲလာတဲ့ အခြေအနေမျိုးအထိ ဖြစ်လာပါတယ်။
၂၀၁၅ မတိုင်ခင်က အနုပညာရပ်ဝန်းက နိုင်ငံခြားစျေးကွက်ထက် ပြည်တွင်းစျေးကွက်နဲ့ ပြည်တွင်း ပရိသတ်အပေါ်မှာ အဓိက အားထားနေတဲ့ အခြေအနေရှိခဲ့ပါတယ်။ အဲဒီကနေ အနုပညာကို အခြေခံတဲ့ ထုတ်လုပ်သူအသစ်တွေ ပေါ်ပေါက်လာသလို၊ ဒါကို စီးပွားဖြစ်လုပ်ရင်ဖြင့် ငွေက တစ်ခြား စီးပွားရေးလုပ်ငန်းထက်စာရင် ငွေအမြတ်အစွန်း မြန်မြန်ရနိုင်တယ်ဆိုတဲ့ စီးပွားရေးဆန်ဆန်လုပ်လာတဲ့ ထုတ်လုပ်သူတွေ ပေါ်ပေါက်လာပါတယ်။
ပြည်တွင်း အနုပညာရှင်တွေကလည်း သူတို့ အောင်မြင်ကျော်ကြားမှုကို ပြည်တွင်းကနေ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံထိ အောင်မြင်ကျော်ကြားချင်လာကြသလို တစ်ချို့ဆို ဟောလိဝုဒ် အထိ သွားချင်ကြတဲ့ အိမ်မက်အထိ ဖြစ်လာကြတယ်။ ပြည်တွင်းစျေးကွက်တင်မဟုတ်တော့ဘဲ ပြည်ပစျေးကွက်ကို ပါ ထိုးဖောက်လာဖို့ ကြိုးစားလာကြတယ်။ ပြည်ပထုတ်လုပ်သူတချို့နဲ့ ပူပေါင်းပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူး ထုတ်လုပ်လာမှု တွေရှိခဲ့သလို Netflix လိုမျိုးပြည်ပရုပ်သံလိုင်းတွေမှာ ကိုယ့်ဇာတ်ကားကို ပါလာဖို့ ကြိုးစားလာတာတွေလည်းရှိလာပါတယ်။
ဒါ့အပြင် ရုပ်ရှင်ရုံအသစ်တွေ ခပ်များများ မြန်မြန်ပေါ်ပေါက်လာသလို အဲဒီရုပ်ရှင်ရုံ အတွက် ရင်းနှီးမြှပ်နှံတဲ့လူသစ်တွေ ထပ်ဝင်လာပါတယ်။ အွန်လိုင်းကနေ ပြသနိုင်ဖို့အတွက် Online Application တွေကနေတစ်ဆင့် စျေးကွက်ကို ချဲ့ထွင်လာကြတာမျိုးတွေလည်းရှိပါတယ်။
အနုပညာ၊ စီးပွားရေး နဲ့ နည်းပညာကို နားလည်တဲ့လူတွေ ပူပေါင်းပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီကနေ Content တွေကို ဖန်တီးထုတ်လုပ်လာပြီး အွန်လိုင်းပလက်ဖောင်းတွေကနေ (Monetization) ငွေရှာလာကြပါတယ် ။
အပြိုင်အဆိုင်များတဲ့ ကာလမှာ အနုပညာ၊ Content နဲ့ ထုတ်လုပ်မှု (Preproducing & Post Production) အတွက် ချီးမွှမ်းသံ၊ ကဲ့ရဲ့သံ၊ ဝေဖန်သံတွေ မျိုးစုံနဲ့ ကြားထဲကနေ သမမျှတတဲ့ မီဒီယာဂေဟစနစ် ကြီးဆီဦးတည်နေခဲ့တာကတော့ ငြင်းမရတဲ့ အချက်ပဲဖြစ်ပါတယ်၊
ဒီနေရာမှာ မီဒီယာ ဂေဟစနစ်ကြီး ပြောလိုက်တာမှာ မီဒီယာဆိုတာက သတင်းမီဒီယာ တစ်ခုတည်းမဟုတ်ဘဲ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နဲ့ စာပေ ဆိုတဲ့ ရပ်ဝန်းတစ်ခုလုံးကိုပါ ဆိုလိုခြင်းဖြစ်ပါတယ်။
အဲဒီလို အခြေအနေမျိုးကနေ စစ်အာဏာသိမ်းလိုက်တဲ့ အခုကာလမှာတော့ ပြည်တွင်းထုတ်လုပ်မှုတွေက အနုပညာ၊ အရည်အသွေးနဲ့ အရေအတွက်ပိုင်းမှာပါ ယုတ်လျော့သွားပြီး ပုံစံမျိုးနဲ့ ရုန်းကန်လှုပ်ရှားနေရပါတယ်။ စစ်တပ်က လက်ရှိနိုင်ငံရေး အကျပ်အတည်းကို နည်းလမ်းမမှန်တဲ့ ဖြေရှင်းမှုမျိုးနဲ့ ပုံမှန်အတိုင်းဖြစ်နေပါပြီဆိုတဲ့ (Normalization) အခင်းအကျင်းကို သွပ်သွင်းချင်တဲ့အခါ အနုပညာရပ်ဝန်းကို အသုံးချလာပါတယ်။
စစ်တပ်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်အတွက် အနုပညာရပ်ဝန်းကို အသုံးချခြင်းက နောက်ဆက်တွဲ အကျိုးဆက်တွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။
စစ်တပ်ရဲ့ ဇာတ်သွင်းမှုကို ခံကြတဲ့ အနုပညာရပ်ဝန်းနှင့် အနုပညာရှင် ဆိုသူတွေကို တော်လှန်ပြည်သူတွေနဲ့ တော်လှန်ရေးအသိုင်းအ၀ိုင်းက သပိတ်မှောက် လှုပ်ရှားမှုတွေ ရှိလာပါတယ်။ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ သပိတ်မှောက် လှုပ်ရှားမှုတွေကြောင့် စစ်တပ်ဘောမ လိုက်ရတဲ့ အနုပညာရှင်တွေအတွက် အနုပညာအလုပ်ကို ဆက်လုပ်ဖို့အခက်အခဲကြုံလာကြပါတယ်။
အခြားတစ်ဖက်မှာလည်း နိုင်ငံရေးနဲ့ လုံးဝ မဆက်စပ်ဘဲ အနုပညာသက်သက်လုပ်ချင်ပေမယ့် စျေးကွက် အရ ရော စီးပွားရေးအရရောက အခြေအနေတော်တော်ဆိုးတဲ့ အနေအထားဖြစ်တာကြောင့် အနုပညာနဲ့ အသက်မွေးဝမ်းကြောင်းဖို့ ခက်ခဲတဲ့ အနေအထားမျိုးထိရင်ဆိုင်ကြုံတွေ့လာရပါတယ်။
အဲဒီလိုအခြေအနေမျိူးအောက်မှာ အနုပညာရှင်တစ်ချို့ အိမ်နီးချင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတစ်ချို့မှာ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် ဖျော်ဖြေရေးခရီးထွက်တာတွေ၊ တိုးချဲ့ချင်တာတွေက ရှိနေပေမယ့် နိုင်ငံခြားရောက် မြန်မာပရိသတ်ပေါ်မှာလည်း မယုံမရဲ နဲ့ ကြောက်နေတာတွေလည်းရှိပါတယ်။
ဒါကလည်းတစ်ဖက်မှာ တော်လှန်ရေးအတွက် အကျိုးပြုနေတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ အနုပညာထုတ်ကုန်တွေကို ပြည်ပရောက် မြန်မာပရိသတ်တွေက အားသွန်ခွန်စိုက်အားပေးနေတာတွေကြောင့်လည်းပါ ပါတယ်။ ဆိုတော့ ပြည်တွင်းအနုပညာထုတ်ကုန်တွေ (အနုပညာစံမီတာ၊ မမီတာခဏထား) ပြည်ပစျေးကွက်အတွက် အခွင့်အလမ်းက အင်မတန်နည်းသွားပြီး မရှိသလောက်ကို ဖြစ်သွားပါတယ်။
အနုပညာရပ်ဝန်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ အသုံးချခံ အနုပညာအတုတွေကြောင့် အင်မတန်ရှုပ်ထွေး အခြေအနေမျိုးတွေလည်း ရှိလာပါတယ်။ တချို့ဆို ငွေဖြူငွေမဲ ဖော်ဖို့အတွက် အကောင်းဆုံး နေရာလိုမျိုးဖြစ်စဉ်းစားလာပြီး တကယ်လည်း Money Laundry ငွေမည်းကို ငွေဖြူလျှော်လာကြတာတွေလည်းရှိနေပါတယ်။
အဲဒီအထဲမှာမှ နိုင်ငံရေးအတွက် အနုပညာကို ဝါဒဖြန့် ကြားခံတစ်ခုအဖြစ် သုံးချင်သူတွေက ၁၉၆၂ ခုနှစ စစ်အာဏာသိမ်းပြီးနောကပိုင်း အနုပညာသည် အနုပညာအတွက် အစား အနုပညာသည် ပြည်သူအတွက်ဆို ဂျင်းတွေ ထည့်ခဲ့ပြတာ အခုအချိန်အထိပါပဲ။
အနုပညာကို စစ်တပ် ဝါဒဖြန့်ချိရေး အတွက် အလွန်အကျွံ အသုံးချလာတာကြောင့် စစ်အာဏာရှင်ဟောင်း သန်းရွှေခေတ်မှာဆိုရင် ကြံ့ခိုင်ရေးကားတွေ အနုပညာရှင်တွေ သူ့ထက် ငါ အလုအယက်ပါဝင်ခဲ့ကြပါတယ်။ အလုအယက်ဆိုတာကလည်း အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကြောင့် အဲဒီလို အလုအယက် အနုပညာရှင်ဆိုသူတွေက ပါဝင်ခဲ့ကြတာပါ။
အာဏာရှင် သန်းရွှေခေတ်မှာ လက်ကိုင်ဖုန်း CDMA ဖုန်းတွေ၊ ခြင်းဖုန်းလို့ ခေါ်တဲ့ ဖုန်းတွေ Handphone လိုဟာမျိုးတွေကို ခက်ခဲအောင်လုပ်ထားပြီးမှ သူတို့တွေကို ပါမစ်တွေနဲ့ ချပေးတာတွေ ဘယ်ပေါ် လောစီကားရိုက်ရင် ဘယ်လိုပေးတယ်မျိုးဟာတွေထိ ဖြစ်လာခဲ့တာပဲ၊ နောက် ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်ထက်မှာဆိုရင် “မီဒီယာကို မီဒီယာနဲ့ တိုက်” ဆိုတာမျိုးတွေအထိ အသုံးချခံ မီဒီယာဂေဟစနစ်ကြီး ဖြစ်လာပါတယ။
ခေတ်အဆက်ဆက် အဏာသိမ်းစစ်အုပ်စုကြောင့် အနုပညာစစ်စစ်ကို တင်ပြဖို့ အခွင့်အလမ်း ဘယ်တုန်းက မရခဲ့သလို အနုပညာစစ်ဖန်တီးထုတ်မှုတွေကိုလည်း စစ်တပ်က ပိတ်ပင်ပစ်ခဲ့တာ အများကြီးရှိပါတယ်။
အနုပညာစစ်စစ် မရှိတဲ့ ရပ်ဝန်းမှာ အနုပညာ အမည်ခံ ကိုယ်ကျိုးစီးပွားရှာသူတွေ ၊အနုပညာ ဗန်းပြပြီး စစ်အဏာရှင်တွေ ပေါင်းစားသူတွေသာ ရှေ့ရောက်ခဲ့ကြပါတယ်။ အမည်ခံ အနုပညာသည်ဆိုသူတွေက သူတို့ကိုယ်သူတို့ အဖြူရောင်တွေ၊ အနီရောင်တွေ၊ အစိမ်းရောင်တွေ မဟုတ်ပါဘူး ၊ အရောင်မဲ့ အနုပညာရှင်တွေပါဆိုတာမျိုး ကာကွယ်ကြပါသေးတယ်။
အရောင်မဲ့ အနုပညာရှင်ဆိုသူတွေက စစ်အာဏာရှင်နဲ့ပေါင်းလို့ လူထုအပေါ်မှာ ကိုယ်ချင်းစာနာမှုနဲ့ စဉ်းစားတွေးခေါ်တွေးနိုင်စွမ်းမရှိတဲ့ လူတန်းစားတစ်ရပ်အဖြစ် ရပ်တည်နေကြတာပါ။
တစ်ချိန်က ထုတ်လွှင့်ခဲ့ဖူးတဲ့ ပန်းရဲ့လမ်း ပဲ့ကိုင်ရှင် ကိုရဲလွင် နဲ့ ” NLD ခရီးရှည်ဖြတ်သန်းမှု အစီအစဉ်” ဆိုတဲ့ အွန်လိုင်းအစီအစဉ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “တချို့က ဆိုတယ် အနုပညာရှင်ဆိုတာ အနုပညာသက်သက်နဲ့ပဲ ဆိုင်တယ်၊ နိုင်ငံရေးတွေမှာ မပါဝင်ရဘူးဆိုတဲ့ အမြင်တစ်ခုရှိတယ်၊အဲဒါကို ကျမအနေနဲ့ လုံးဝ သဘောမတူဘူး၊ ဘာလို့လဲဆိုတော့ ။ အနုပညာဆိုတာ ဘာလဲ။ အနုပညာဆိုတာ သဘာဝကနေ ဖန်တီးယူတာ။ ဘဘာဝကို သဘာဝအတိုင်းထားမယ်ဆိုရင် အနုပညာ မပါပါဘူး ။ သဘာဝပေါ်ကနေ အခြေခံပြီး ဖန်တီးယူတဲ့ အင်အား၊ ဖန်တီးယူနိုင်တဲ့ ပညာ ပေါ့ အဲဒါ အနုပညာပါပဲ။ အဲဒီတော့ သဘာဝက ဖန်တီးလာတဲ့ လူ့အဖွဲ့အစည်းမှာ၊ လူ့အဖွဲ့ အစည်း ဆိုတာလည်း သဘာဝကနေ ပေါက်ဖွားလာတာပဲ၊ လူတွေဖန်တီးလာတာပဲ၊ အဲဒီတော့ လူအဖွဲ့စည်းရဲ့ အဖြစ်ပျက်တွေမှာ မပါဝင်ဘူးဆိုရင် အနုပညာရှင် ပြည့်ပြည့်စုံစုံ မပီသဘူးလို့ ကျမကတော့ ဒီလိုပဲမြင်တာပဲ၊ ဒါကြောင့်မို့ အနုပညာရှင်တွေနဲ့လည်း နိုင်ငံရေးက အင်မတန်မှ ဆိုင်ပါတယ်။ နိုင်ငံရေးမှာလည်း မှန်မှန်ကန်ကန် လုပ်ရဲတဲ့ တကယ်ကို လုပ်တဲ့ အနုပညာရှင်တွေဆို ကျမ အင်မတန် တန်ဖိုးထားပါတယ်၊ ပြည်သူတွေကလည်း အင်မတန်မှ တန်ဖိုးထားပါတယ်” လို့ ပြောဆို ဆွေးနွေးခဲ့ပါတယ်။
လူထုရဲ့ သပိတ်မှောက် လှုပ်ရှားမှုတွေက စစ်အဏာရှင်စနစ်နဲ့ စစ်အာဏာရှင်ကို တစ်နည်းတစ်ဖုံ ထောက်ပံ့နေတဲ့ အနုပညာအမည်ခံထားသူတွေအတွက် အကျပ်အတည်းဖြစ်ပေါ်စေတာကတော့ ငြင်းမရပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေအတွက် “လွတ်လပ်ခြင်းက အဓိကလား၊ အနုပညာက အဓိကလား” ဆိုတဲ့မေးခွန်းအတွက် လွတ်လပ်ခြင်းရှိမှသာ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်လို့ရမှာပါလို့ ပြောခဲ့ဖူးပါတယ်။
“Free Art, Free Thought, Freedom ၊ Free Art – လွတ်လပ်တဲ့ အနုပညာ၊ နုပညာ လွတ်လပ်မှု၊ Free Thought – လွတ်လပ်တဲ့အတွေးအခေါ်၊ အတွေးအခေါ်လွတ်လပ်မှု၊ အဲဒါမှ စစ်မှန်တဲ့ လွတ်လပ်မှူကို ကျမတို့ ဉီးတည်မှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
နွေဦး တော်လှန်ရေးအောင်မြင်မှုနဲ့အတူ ကြားကာလအစိုးရ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရစီနိုင်ငံ ပေါ်ပေါက်လာခဲ့ရင် အနုပညာရဲ့ အဓိပ္ပာယ်နဲ့ တန် ဖိုးကို ပြန်လည်ထူထောင်ဖို့ လိုအပ်သလို တက်လာသမျှအစိုးရတွေရဲ့ အသုံးချခံ မဖြစ်ဖို့အတွက် လွတ်လပ်တဲ့ မီဒီယာဂေဟစနစ်နဲ့ လွတ် လပ်တဲ့အဖွဲ့အစည်း (Independent Body)တွေ ရှိနေဖို့ အရေးကြီးပါတယ်။
ဒီလို စံတန်ဖိုးတွေ ပြည့်နှက်နေမယ့် အနုပညာစစ်စစ်တွေ ထွန်းကားတဲ့ ရပ်ဝန်းဖြစ်လာဖို့ဆိုတာကလည်း အဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘဲ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီ အစိုးရအောက်မှသာဖြစ်လာနိုင်မှာပါ ။အဲဒီလိုအခြေအနေမျိးရောက်မှသာ အနု ပညာရှင်တွေအနေနဲ့လည်း သန့်ရှင်းပြီး အင်မတန်ကောင်းမွန်တဲ့ အနုပညာတွေကို ဆက်လက်ဖန်တီးနိုင်ပြီး အနာဂတ်မှာ အင်အားကောင်းတဲ့ တကယ့် လွတ်လပ်တဲ့ အနုပညာရပ်ဝန်းထွန်းကားလာမှာပါ။ အနုပညာဟာ နိုင်ငံရေးထက် ကျယ်ပြန့်တဲ့ စိတ်နှလုံးအတွင်းက ကဗျာ တစ်ခုပဲဖြစ်သင့်တယ်။
(ဇော်လတ်သည် ပြင်ပ ဝေဖန်သုံးသပ်သူ ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







