စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကာ နေအိမ်နှင့် ကားများ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၃၁ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆည်တောရွာကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းနေထိုင်သော အသက် ၇၀ နှစ်အရွယ် ဦးညွှန်ဝေ ၊ ဇနီးဖြစ်သူ အသက် ၇၀ နှစ်အရွယ် ဒေါ်မြင့်ကြည် ၊ အသက် ၂၅ နှစ်အရွယ် ဇေယျာထွန်း နှင့် အမည်မသိ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၅ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံးနှင့် ကား ၁ စီးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာက တိုက်ပွဲဖြစ်ပွားချင်းမရှိပါဘူး။ ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို ဗုံးကျဲ တိုက်ခိုက်သွားတာ ပေါင် ၂၅၀ ခန့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်တာ ပြည်သူ ၄ ဦးသေဆုံးတယ်။ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်။ ဗုံးကျရောက် ပေါက်ကွဲတဲ့နေရာက နေအိမ် ၃ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးတယ်။ ၂ စီးကတော့ ဗုံးစထိမှန်ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ထုံးဘိုရွာတောင်ဘက်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၄ နှစ်အရွယ် သူဇာနွယ် ၊ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီနှင့် အသက် ၇၀ နှစ်အရွယ် ဦးခင်မောင်လွင် တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထို့ပြင် နေထိုင် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








