29 C
Yangon

ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ပြီးနောက် စီမံကိန်းများကို ကန့်ကွက်လျှင် ကန့်ကွက်သည့်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အရေးယူမည်ဟု စစ်ကော်မရှင်က အမိန့်ထုတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ပြီးနောက် စီမံကိန်းများကို အထောက် အထား ခိုင်လုံမှုမရှိဘဲ ကန့်ကွက်လျှင် ကန့်ကွက်သည့်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အရေးယူမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်လာသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်စစ်ကော်မရှင်များက အခွင့် အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများ၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက် အထားခိုင်လုံမှုမရှိ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့ ကန့်ကွက်ခြင်းများကြောင့် လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေခြင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကို အဟန့်အတားဖြစ်စေခြင်းနှင့် မလိုလားအပ်သော အဂတိလိုက်စားမှုများဖြစ်ပေါ် စေကြောင်း၊ ယင်းအပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုလည်း ထိခိုက်နှောင့်နှေးစေကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့ ကန့်ကွက်ခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ထည့်သွင်းစဉ်း စား သုံးသပ်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုခြင်း၊ ဆက်လက်​ ဆောင်ရွက်စေခြင်းတို့ကို ပြုရမည့်အပြင် သက်ဆိုင်ရာလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်စေရမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ကန့်ကွက်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက် ဖြစ်စေရန်အတွက်လည်းကောင်း၊ မတရားအကျိုးအမြတ် တစ်စုံတစ်ရာ ရယူရန်အတွက်လည်းကောင်း၊ ကန့်ကွက်ခြင်းဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ပါက အဆိုပါ ကန့်ကွက်သည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့သော ဧရာ၀တီမြစ်ဆုံ စီမံကိန်းကို အကြမ်းဖက်စစ်တပ်က ပြန်လည် စတင်နေပြီး နှစ်နိုင်ငံ ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက် စိုးဝင်း၏ အဆိုအရ မြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အဖြစ် တည်ဆောက်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း လွန်ခဲ့သော ရက်ပိုင်းအတွင်း မြစ်ကြီးနားခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article