32 C
Yangon

ပခုက္ကူနှင့် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၆ ခုကျော် ကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ နီးပါးပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၆ ခုကျော်ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ နီးပါးပြာကျခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်း တွင်းမပျူစောထီးရွာကို ပြန်လည် ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အိုရင်းရွာ၊ အိုရင်းရွာသစ်ရွာနှင့် ဇောင်ဂျမ်းကုန်းရွာ တို့ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကမ္မမြို့ပေါ်မှ နေအိမ် ၁၀ လုံး ၊ ကန်ဇောက်ရွာမှ နေအိမ် ၅ လုံး ၊ ဇောင်ဂျမ်းကုန်းရွာ မှနေအိမ် ၂၄ လုံး စုစုပေါင်း နေအိမ် ၃၉ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ပြည်သူများ ရိတ်သိမ်းထားသော သီးနှံများပါ မီးရှို့ဖျက်ဆီးသွားသောကြောင့် စားဝတ်နေရေး အခက်အခဲများရှိကြောင်း၊ ယင်းစစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်နေ့ ကလည်း မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၅ ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် နေအိမ် ၆၉ လုံးမီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာမှ တောတိုက်အတွင်း စစ်ရှောင်နေသော အသက် ၃၃ အရွယ် ကိုငသိန်းကို စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သရက်ကန်ပျူစောထီးရွာ အတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်တပ် စစ် ကြောင်းသည် သရက်ကန်ပျူစောထီးရွာမှ တဆင့် တွင်းမရွာဘက်သို့ ထွက်လာစဉ် လမ်းပိုင်းတနေရာ၌ ကိုငသိန်းကို သတ်ဖြတ်ပြီးရုပ်အလောင်းကို မြေရင့်ရွာ နှင့် နှမ်းဆီကန်ရွာ အကြားရှိ တောထဲတွင် စွန့်ပစ်ခဲ့ကြောင်း၊ ကိုသိန်း၏ ရုပ်အလောင်းတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာ ၂ ချက်နှင့် လည်ပင်း လှီးဖြတ်ထားသော ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သတ်ဖြတ်ကာ ရုပ်အလောင်းများကို တောထဲတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် မြိုင်မြို့နယ် တောင်ပိုင်းမှ အိုရင်းရွာ၊ အိုရင်းရွာသစ်ရွာနှင့် ဇောင်ဂျမ်းကုန်းရွာများ အပါအဝင် ကျေးရွာ ၈ ခုကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မြိုင်နဲ့ ပခုက္ကူ အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေကို ကျေးရွာတွေကို ဆက်တိုက်ကို စီးနင်းမီးရှို့နေတာ ပြည်သူတွေလည်း တိမ်းရှောင်နေရတာ လနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃ ဦးရှိတယ်။ စစ်ကြောင်းက အခုထိရှိနေသေးတော့ ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကန်ပျူစောထီးရွာမှ ထွက်ခွာလာပြီး တွင်းမပျူစောထီးရွာ ထဲကို ဝင်ရောက်သွားကာ ပခုက္ကူမြို့နယ်အတွင်း ပြန်လည် ဝင်ရောက်နိုင်ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article