32 C
Yangon

ကောလင်း၊ ပေါက်၊ မြိုင်နှင့် ဗန်းမောက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်၊ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဗန်းမောက်မြို့နယ် အနောက်ခြမ်း ကံကြီးကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် သံယတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ရှိ ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအခြေအနေ စိုးရိမ်ရကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၁ မိနစ်ခန့်တွင်လည်း မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၂ စီးသည် မြိုင်မြို့နယ်၊ ဘုန်းကန်ရွာကို ၁၂၀ မမ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၁ ကောင် သေဆုံးကာ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မကွေးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ MIG-29 ဂျက်ဖိုက်တာ ၁ စီးက မြိုင်မြို့နယ်၊ ရွာသစ်ကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ 200 kg ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း ပေါက်မြို့နယ် မြောက်ခြမ်း မှော်မင်းသား KTV ကို မုံရွာ နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီး က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“ပေါက်နဲ့မြိုင် နယ်ထဲကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူ ၂ ဦး သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်။ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article