ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၃ ဦး သေဆုံးပြီး တိုက်ပွဲအတွင်း အလင်းဝင်ရန် ထွက်လာသည့် စစ်သား ၄ ဦးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ အတွင်း ပေါက်မြို့နယ် ကပစ ၂၄ မှ ဇီးပြား၊ တရော်ကိုင်း စစ်တပ်စခန်းနှင့် ပျူစောထီးရွာများကို ထွက်လာသော အင်အား ၂၁၁ ဦးပါ စစ်တပ် စစ်ကြောင်းသည် ကျွန်းတိုင်းရွာ ၊ စသိန်းရွာ၊ ဂွေးဂုံရွာ၊ ဂဲပင်အင်းရွာ၊ ညောင်ရင်းရွာနှင့် ဓာတ်တော်ရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် စားနပ် ရိက္ခာများကို အတင်းအဓမ္မ ကားများ၊ လှည်းများဖြင့် ယူဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ၏ နင်းမိုင်းများထိမှန်ပြီး စစ်သား ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ တိုက်ပွဲများအတွင်း စစ်သား ၂၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကြောင်း ဝင်ရောက်ခဲ့သော ကျေးရွာများရှိ ပြည်သူပိုင် နေအိမ်များပေါ်တွင် စစ်သားအလောင်းများကိုထည့်၍ မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ကိုင်ဆောင်၍ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသူ စစ်သား ၄ ဦးကိုလည်း အချင်းချင်း ပြန်လည် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲများတွင် MGY တပ် နှင့် မြိုင် ပကဖ မှ ရဲဘော် ရောင်နီ ကျဆုံးပြီး ရဲဘော် နေဇော်၊ ရဲဘော် အရီးစိုး၊ ရဲဘော် ပျောက်ကြား၊ ရဲဘော် ချဉ်ပေါင်၊ ရဲဘော် လရိပ်၊ ရဲဘော် နဂါး၊ ရဲဘော် ငညီ၊ ရဲဘော် နယူတန်၊ ရဲဘော် ညိုကြီး၊ ရဲဘော် ကျားကြီး၊ ရဲဘော် ချစ်ပိန်၊ ရဲဘော် ကာကာ တို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ကပစ ၂၄ မှ အကြမ်းဖက် စစ်သားများကလည်း ၁၂၀ မမ ၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်က FPV ဒရုန်းများ အသုံးပြုတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ၈၁ မမ၊ ၁၂၀ မမ ၊ ၆၀ မမ ဗုံးများဖြင့် နေ့စဉ်ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများကိုလည်း စစ်တပ်က ဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းများကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် ကပစ ၂၄ က လက်နက်ကြီးများဖြင့် အမြဲမပြတ် တိုက်ခိုက်နေ သော်လည်း တော်လှန်ရေး တပ်ဖွဲ့များသည် ကပစ ၂၄ ကို ရရှိရန် ကြိုးစားအားထုတ်နေမှုအပေါ် ပြည်သူလူထု၏ နှုတ်လုံမှုများသည် လွန်စွာပင် အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ရရှိသော လက်နက်ခဲယမ်းများကိုလည်း ဖော်ပြလိုခြင်းမရှိဘဲ လုံခြုံရေးအရ ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း၊ သုံ့ပန်းများကိုလည်း ၎င်းတို့၏ တာဝန်ထမ်းဆောင်လိုခြင်း၊ နေရပ်ပြန်လိုခြင်း၊ အထွေထွေကိစ္စရပ်များကို ဖြေရှင်းပေးလျှက်ရှိကြောင်း မြိုင်ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျနော်တို့ မြိုင် ပကဖ က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက် အတိုင်းပါပဲ သတင်းအချက်အလက်တွေက ကျနော်တို့ ဖြေလို့မရသေးလို့ပါ။ ကျနော်တို့ သတင်း ထုတ်ပြန်ရတာက Locl တွေက လူလေး ၅ ယောက်လောက်နဲ့ သတင်းတွေထုတ်လို့ သတင်း မလုံခြုံလို့ မထူးဘူးဆိုပြီး ဒီဟာတွေက ထုတ်ရတော့တာ” ဟု မြိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကျင်းပမှု မပြုလုပ်နိုင်ရန် စေလွှတ်ထားရှိပြီးဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် ကောင်းမွန်သော အစိုးရတစ်ရပ်ပေါ်ပေါက်စေရန် အသိရှိစွာဖြင့် လိုက်နာဆောင်ရွက်သွားစေလိုကြောင်း မြိုင် ပကဖ က ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ MAGWAY PDF၊ ပခုက္ကူခရိုင် PDF ရင်း (၁) နှင့် အခြားသော မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar













