28 C
Yangon

ရေတာရှည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းတချို့ စစ်တောင်းမြစ်တွင် ပုတ်ပွပေါ်လာ၊ စစ်တပ်က ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးရွာ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းတချို့ စစ်တောင်းမြစ်တွင် ပုတ်ပွပေါ်လာကြောင်း နေပြည်တော်တိုင်း စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နေပြည်တော် PDF တပ်ရင်းများမှ တော်လှန်ရေး ရဲဘော်များက ရေတာရှည်မြို့နယ်တွင်း အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဆွာမကြီး ၊ ရွာသစ် ၊ အိုးမြေဒူးကျေးရွာနှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာတို့ကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ပွဲအတွင်း ဒဏ်ရာများဖြင့် ထွက်ပြေးသွားသော စစ်သား ၁ ဦး၏ ရုပ်အလောင်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်တောင်းမြစ်ထဲ မျောပါလာသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကိုလည်း စစ်တပ်က မီးရှို့ သဂြိုလ်လိုက်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆွာမကြီးရွာမှ ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အလောင်းက ၁ လောင်းပဲ မျောလာတာ။ တချို့အလောင်းတွေကိုတော့ မီးရှို့တယ်လို့သိရတယ်။ မျက်မြင်တွေ့တာတော့ အဲဒီ ၁ လောင်းပါပဲ။ မြစ်ထဲမျောနေတာ နောက်ထပ်မြစ်ထဲမှာထပ်ပေါ်လာတာတော့မရှိသေးပါဘူး။ကျနော်တို့တပ်တွေအနေနဲ့ ကျေးရွာနေ ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ ပြောင်းပေးခဲ့တာရှိတယ်။ တချို့ကျန်ခဲ့တဲ့သူ နေခဲ့တဲ့သူတွေကို စစ်တပ် ဖမ်းဆီးထားတာလို့ သိရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူ အရေအတွက်က ၈၀ နဲ့ ၁၀၀ ကြားရှိတယ်လို့ သိရတယ်” ဟု နေပြည်တော်တိုင်း စစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

ထို တိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦး သေဆုံးကာ စစ်တပ်က အထိုင်ချထားသော မဲရုံတည်ဆောက်ထားသည့် ဆွာမကြီး ကျေးရွာအတွင်းရှိ အထိုင်စခန်းတချို့နှင့် မဲရုံနေရာများကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နေပြည်တော် PDF အနေဖြင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တားဆီး နိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်သော နေရာများအားလုံးကို ဖြစ်နိုင်သောနည်းလမ်းများ အားလုံးဖြင့် ဟန့်တားသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို မဲမထည့်ခြင်းဖြင့် ဆန့်ကျင်တားဆီး ပေးကြရန် နေပြည်တော်တိုင်း စစ်ဌာနက အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article