28 C
Yangon

စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်ကြောင်းနှင့် ခဲယမ်းတင်ဆောင်လာသော ကား ၅ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ ကားများ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်ကြောင်းနှင့် ခဲယမ်းတင်ဆောင်လာသော ကား ၅ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး ကားများ မီးလောင်ပျက်စီးပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်ကူထွက်လာသော အင်အား ၁၅၀ ပါ စစ်တပ် စစ်ကြောင်းနှင့် ခဲယမ်းများတင်ဆောင်လာသော ကား ၅ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သာစည်ရွာနှင့် မိုးဝန်းရွာ အကြားတွင် ကြားဖြတ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်က အထိနာခဲ့သောကြောင့် သာစည်ရွာဘုန်းကြီးကျောင်းသို့ စစ်သားများ ထွက်ပြေးပြီး ခံစစ်ပြင်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခဲယမ်းတင်ဆောင်လာသော ကား ၅ စီးလည်း မီးလောင်ပျက်စီးပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စလင်းက နေ ဆင်ဖြူကျွန်းကိုလာတဲ့ ခြေလျင်စစ်ကြောင်း ၁၅၀ ခန့်နဲ့ ခဲယမ်း တင်ဆောင်လာတဲ့ စစ်ခွေးကား ၅ စီးကို သာစည်ရွာနဲ့ မိုးဝန်းရွာ အကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ခွေးတွေက သာစည်ရွာ ဘုန်းကြီးကျောင်းထဲကို ဝင်ရောက်ပြီး ခံစစ်ပြင်ဆင်နေတုန်း ထပ်ပြီးတော့ ကြားဖြတ် တိုက်ခိုက်ခဲ့တာ ခဲယမ်း တင်ဆောင်လာတဲ့ ကား ၅ စီးနဲ့ လက်နက်ခဲယမ်းတွေပါ မီးလောင်ပျက်စီးသွားတယ်။ စစ်ခွေးတွေလည်း ထိခိုက်သေဆုံးတာများတယ်။ ကား ၅ စီးပေါ်ပါလာတဲ့ စစ်ခွေးတွေလည်း အကုန်သေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးနေသော ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ရန် စိစစ်နေဆဲဖြစ်ကြောင်း၊ ထို လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် သာစည်ရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အညာဒေသတွင် စစ်ကားနှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article