အကြမ်းဖက်စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီက ယမန်နေ့ ရွေး ကောက်ပွဲနေ့တွင် ပြည်သူများကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေး၍ မဲရုံအထိ ခေါ်ဆောင်ကာ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်းမှုများ ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်၊ လားရှိုး၊ နောင်ချို၊ ချောက်မြို့နယ်နှင့်မော်လမြိုင်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် မြို့ပေါ်တွင်သာ မဲရုံများ ရှိပြီး ကျေးရွာများတွင် လုံခြုံရေးအရ မဲရုံများ ဖွင့်လှစ်ခြင်းမရှိကြောင်း၊ ကြံ့ဖွတ်ပါတီက ချောက်မြို့နှင့်အနီးဆုံး ကျေးရွာများမှ ပြည်သူများကို ကားများဖြင့် သွားရောက်ခေါ်ဆောင်ကာ မြို့ပေါ် မဲရုံများတွင် လာရောက် မဲပေးခိုင်းခဲ့ကြောင်း၊ မဲပေးခိုင်းရာတွင် တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေးမည်ဟု ပြောဆိုပြီး မဲရုံတွင် ခြင်္သေ့ကို သေချာပေါက် မဲပေး ခိုင်းခဲ့ကြောင်း၊ ကျေးရွာ ၃ ရွာထက်မနည်းမှ ပြည်သူ ၅၀၀ နီးပါးကို ကားများဖြင့် အကြိုအပို့ လုပ်ကာ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်းခဲ့ကြောင်း သိရှိရသည်။
“ချောက် မြို့ပေါ်မှာပဲ မဲရုံတွေ ဖွင့်ထားတာ။ ရွာတွေမှာ လုံခြုံရေးအရ မဲရုံလာမဖွင့်ဘူး။ အဲဒါ မြို့နားက ရွာတွေကို ပျူစောထီးတွေနဲ့ ကြံ့ခိုင်ရေးတွေက ဖောကားတွေနဲ့ လူတွေ လိုက်ခေါ်တယ်။ ခြင်္သေ့ကို မဲပေးမယ်ဆိုရင် တစ်ဦး ၃ သောင်းပေးမယ်ဆိုပြီး ကားတွေနဲ့ လာခေါ်တာ။ ၂ ရွာ၊ ၃ ရွာပဲ ကားတွေနဲ့ အကြိမ်ကြိမ် ကျော့ခေါ်တာ။ လူဦးရေ ၅၀၀ လောက်တော့ရှိမယ်။ အဲဒါ စစ်တပ်၊ရဲနဲ့ မဲရုံမှူးတွေလည်း သိတယ်။ ဘယ်သူမှ ဘာမှ မပြောကြဘူး” ဟု ချောက်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ စလေမြို့ပေါ်ရှိ မဲရုံများတွင်လည်း ကြံ့ဖွတ်ပါတီ၏ ခေါ်ဆောင်မှုဖြင့် မဲလာပေးကြသည့် သူအများအပြားရှိပြီး မဲရုံအပြင်ဘက်တွင် တစ်ခါတည်း ငွေရှင်းပေးမှုများ မြင်တွေ့ရသည်ဟု ဒေသပြည်သူတချို့က ပြောဆိုကြသည်။
အလားတူ ပြင်ဦးလွင်တွင်လည်း ယမန်နေ့ မဲရုံပိတ်ခါနီး အချိန်အထိ ကြံ့ဖွတ်ပါတီမှ လူများက အိမ်တိုင် ရာရောက် သွားရောက်၍ ကြံ့ဖွတ်ပါတီကို မဲပေးလျှင် ငွေပေးမည်ဟုဆိုကာ စည်းရုံးမှုများဖြစ်ပွားခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၈ တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများက ကြံ့ခိုင်ရေးပါတီကို မဲပေးရန် မဲမပေးရသော နေအိမ်များမှ ပြည်သူများ လိုက်လံ ခေါ်ယူ စည်းရုံးခဲ့ကြောင်း သိရှိရသည်။
“မဲလာပေးခိုင်းတာ။ ခြိမ်းခြောက်တာမျိုးမဟုတ်ဘူး။ မဲမပေးရသေးဘူးဆိုတာ စာရင်းမှာ ပေါ်မယ်။ နောက်ဆက်တွဲ တစ်စုံတစ်ခုဖြစ်ရင် မကောင်းဘူး။ စာအိတ်နဲ့ ငွေ ၂ သောင်းပေးတယ်။ မဲပေးဖို့ဆိုပြီး တစ်ခါတည်းခေါ်တယ်။ ငွေပေးတာက ပြည်ခိုင်ဖြိုးက လူတွေ။ မဲရုံအထိ လိုက်ခေါ်တာ” ဟု ရပ်ကွက်ကြီး ၈ မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ရပ်ကွက်များတွင် ကြံ့ဖွတ်ပါတီမှ ပါတီဝင်များနှင့် စည်းရုံးရေးမှူးများက မဲပေးသည့်နေ့တွင်ပင် လိုက်လံစည်းရုံးပြီး ကြံ့ဖွတ်ပါတီကို မဲထည့်ရန် ပြောဆိုခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီကို အမှန်အကန် မဲထည့်ခဲ့သည့် သူများအတွက် လက်ဆောင်များ ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်များတွင် ကြံ့ဖွတ်ပါတီ၊ စစ်တပ်နှင့်ရဲများက ပြည်သူများကို ဆယ်ဘီးကားများဖြင့် လိုက်လံခေါ်ယူကာ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်းခဲ့ကြောင်း အဆိုပါဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယင်းကဲ့သို့ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲနေ့ မတရားပြုကျင့်မှုများနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများတွင် စစ်တပ်၊ ရဲနှင့် မဲရုံမှူးများ ပါဝင်ပတ်သက်နေကြောင်း၊ သို့ရာတွင် ကြံ့ဖွတ်ပါတီနှင့်ထွေ/အုပ် အပါအဝင် ဌာနဆိုင်ရာများမှာ ရင်းနှီးသော ဆက်ဆံရေးရှိသည့်အတွက် မည်သူကမှ ကန့်ကွက်မှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – ယမန်နေ့ ရွေးကောက်ပွဲနေ့ နောင်ချိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီ၊ စစ်တပ်နှင့်ရဲများက ပြည်သူများကို ဆယ်ဘီကားများဖြင့် လိုက်ခေါ်ကာ ကြံ့ခိုင်ရေးပါတီကို မဲပေးခိုင်းနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




