ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဒိုးတန်းရွာ၊ ခင်တန်းလေးရွာနှင့် အိုးမြေဒူးရွာ တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦးသေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန ထံမှ သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာရှိ အင်အား ၄၀ ခန့်ရှိသော စစ်တပ် စခန်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာန ၃၅၀၄ တပ်ရင်း နှင့် ရေတာရှည် ပကဖတို့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး သေဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာ တိုက်ပွဲကို စစ်ကူပေးရန်အတွက် အောင်ချမ်းသာကျေးရွာဘက်မှ တက်လာသော အင်အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တခွဲကျဲကျေးရွာတွင် နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့ပြီး လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က တင့်ကားများပါ အသုံးပြု၍ ဒိုးတန်းကျေးရွာ တိုက်ပွဲကို စစ်ကူပေးရန် ကြိုးစား ခဲ့သော်လည်း နေပြည်တော် PDF တပ်ဖွဲ့က ဖြတ်တောက်တားဆီးမှုကြောင့် စစ်ကူမပေးနိုင်ဘဲ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ခင်တန်းလေးကျေးရွာတွင် အထိုင်ချ၍ ဘုန်းကြီးကျောင်းရှေ့လမ်း၌ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေသော စစ်တပ် ဂိတ်စခန်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေဒူးကျေးရွာတွင် အင်အား ၆၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို နေပြည်တော် PDF တပ်ရင်းများ နှင့် သံတောင် မြောက်ပိုင်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အိုးမြေဒူးတစ်ရွာလုံးကို တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ပြီး စစ်သားများ အထိနာ၍ စစ်တောင်းမြစ်ကို ဖြတ်ကူးကာ အနောက်ဘက်ကမ်း သို့ ထွက်ပြေးသွားကြောင်း၊ အနောက်ဘက်ကမ်းသို့ ထွက်ပြေးသွားသော စစ်သားတချို့ကို နေပြည်တော် PDF တပ်ရင်းများက စောင့်ကြို ဖမ်းဆီးစဉ် ၃ ဦးကို အရှင် ဖမ်းမိပြီး တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးတွင် နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းများနှင့် မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးများကို ဖော်ဆောင်မှုကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ တစ်နေ့တာအတွင်း စစ်သား စုစုပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး အထိနာသော စစ်တပ်က စစ်ကူ အင်အားများ ဖြည့်တင်းခြင်းနှင့် စစ်တောင်းမြစ်ကမ်းတစ်ဝိုက်ရှိ ကျေးရွာများ အားလုံးနီးပါးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ နေပြည်တော်တိုင်းစစ်ဌာန အနေဖြင့် စစ်ဆင်ရေးအရှိန်ကို ပိုမိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံလိုကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





