ရန်ကုန်၊ ဇန်နဝါရီ ၂
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တယ်လေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ် တယ်လေးကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တောတဲများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ အသက် ၁၂ နှစ်အရွယ် မမိုးမိုးအောင် ၊ အသက် ၂၃ နှစ်အရွယ် မအေးလေး၊ အသက် ၅၅ နှစ်အရွယ် ဒေါ်စိန်ရွှေ နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ ကိုလှိုင်ကြည်မင်း၊ မပိုးဥ နှင့် ကိုစိုးအောင်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ၂ ဦးသည် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တယ်လေးကျေးရွာမှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတာ ဗုံးစထိမှန်ပြီးတော့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကတော့ ပွဲချင်းပြီး သေဆုံးပါတယ်။ ရုပ်အလောင်းတွေကလည်း ရုပ်ပျက်စဉ်းပျက်တွေကို ဖြစ်သွားတာ ဗုံးက သူတို့ရှိနေတဲ နေရာကို တည့်တည့်ကျတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ အမှတ် ၁ တပ်ရင်းမှ ဆေးတပ်သား ရဲဘော်၊ ရဲမေများ တပ်ရင်း ရဲဘော်များ ရောက်ရှိသွားပြီး ဒဏ်ရာရ ပြည်သူများကို ဆေးကုသပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar













