ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်တပ်က ၄ နှစ်ကျော်ကာလအတွင်း မတရား သတ်ဖြတ်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၂၃,၀၀၀ ကျော်အထိ ကျူးလွန်ထားကာ စစ်ကိုင်းတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဒေသ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၄ နှစ်ကျော်ကာလအတွင်း မတရား သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၃,၂၇၇ မှုကို အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့ကြောင်း ၊၄ နှစ်တာကာလ ရက်စက်ကြမ်း ကြုတ်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသူ (IDPs) ဦးရေမှာ ၃ ဒသမ ၆ သန်း (၃၆ သိန်း) အထိ ရှိလာကြောင်း UNOCHA ၏ အစီရင်ခံစာကို ကိုးကား၍ ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း ဒေသအလိုက် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများတွင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်စဉ် ၅,၂၁၂ ခုဖြင့် နိုင်ငံတစ်ဝန်းတွင် အဆိုးရွားဆုံး ကျူးလွန်ခံရသည့် ဒေသဖြစ်နေကြောင်း၊ တော် လှန်ရေးအင်အားစုများ အားကောင်းရာ မကွေးတိုင်းတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု ၂,၉၇၁ ခု၊ မန္တလေးတိုင်းတွင် ၂,၈၈၃ ခု နှင့် ပဲခူးတိုင်းတွင် ၂,၂၄၄ ခု အထိ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အချက်များကို ကြည့်လျှင် အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ရေးမဟာဗျူဟာတစ်ရပ်အဖြစ် အသုံးပြုနေခြင်းကို ထင်ရှားနေကြောင်း ထောက်ပြထားသည်။
အကြမ်းဖက်စစ်တပ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် မတရားသတ်ဖြတ်မှု ၅,၃၅၁ မှုနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှု ၅,၁၅၀ မှုရှိခဲ့ပြီး ကျူးလွန်မှု အများဆုံးဖြစ်ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို လက်နက်ကြီးနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်ပေါင်း ၃,၃၆၁ ခု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု ၂၆၁၀ မှု၊ အတင်းအဓမ္မ ခိုင်းစေမှု ၁၈၇၃ မှုတို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့သည်ဟု သိရှိရသည်။
NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသော ကိန်းဂဏန်းများကို သက်သေအထောက်အထားများအဖြစ် အသုံးပြု၍ နိုင်ငံတကာ စစ်ရာဇဝတ် မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။
ဓာတ်ပုံ – ၂၀၂၂ ခုနှစ် ယင်းမာပင်၊ ရွှေလှံကျေးရွာ စာသင်ကျောင်းတွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




