အကြမ်းဖက်စစ်တပ်က ပြုလုပ်သည့် ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် လုပ် ဆောင်သော တရားမဝင် ရာဇဝတ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေအကိုးအကားများဖြင့် ကြေညာလိုက်သည်။
မြန်မာနိုင်ငံ၏ဥပဒေမှန်သမျှကိုဆန့်ကျင်ချိုးဖောက်၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ၂၀၂၅ ရွေးကောက်ပွဲမှာ တရားမဝင်သော ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှုျွှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာခြင်းမရှိဘဲ အဓမ္မနည်းဖြင့် အာဏာရယူခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတဖြစ်ရန် ကြိုတင်ကြံစည်မှုဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဥပဒေအကိုးအကားများဖြင့် သုံးသပ်ထားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဆီးခြင်းသည်လည်း ဥပဒေမဲ့လုပ်ရပ်သာဖြစ်ကြောင်း၊ ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၃၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁,၅၀၀ နီးပါး သေဆုံးခဲ့ရကာ နေအိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရသည့် လုပ်ရပ်များသည် နိုင်ငံတကာဥပဒေအရ “စစ်ရာဇဝတ်မှု” နှင့် “လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှု” များဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ ၏ ဥပဒေရေးရာ ဆန်းစစ်ချက်စာတမ်းတွင် ဖော်ပြထားသည်။
၂၀၂၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံရေးပါတီ ၈၄ ပါတီခန့်ကို မတရားဖျက်သိမ်းခဲ့ခြင်း၊ မြို့နယ်အချို့တွင်သာ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေခြင်းနှင့် ပြည်ပရောက်လုပ်သားများကို အကျပ်ကိုင်၍ မဲပေးခိုင်းရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ရွေးကောက်ပွဲသည် ဥပဒေကြောင်းအရ တရားဝင်မှုမရှိကြောင်း ထောက်ပြထားသည်။
ထို့ပြင် အကြမ်းဖက် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ၏ GDP တိုးတက်မှု ၁ ရာခိုင်နှုန်းအောက် ရောက်ရှိကာ စားဝတ်နေရေး အကျပ်အတည်းများ ဖြစ်ပေါ်နေရုံတင်မကဘဲ ဘိန်းစိုက်ပျိုးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများပါ မြင့်တက်လာကြောင်း၊ ၂၀၂၅ ရွေးကောက်ပွဲသည် စစ်ကောင်စီ၏ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်သော တရားမဝင် ရာဇဝတ်မှုတစ်ခုသာဖြစ်ကြောင်းနှင့် နိုင်ငံတကာအနေဖြင့်လည်း အသိအမှတ်မပြုသင့်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- AFP ။




