ရန်ကုန်၊ ဇန်နဝါရီ ၈
မကွေးတိုင်း၊ ရေစကြိုမြို့မှ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ ကိုဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ရေစကြိုမြို့မှ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသို့ အင် အားဖြည့်တင်းရန် ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက သနပ်ကုန်းကျေးရွာနှင့် ဇီးကျွန်းကျေးရွာ အကြားအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်လွဲ ၃ နာရီ ၄၇ မိနစ်ခန့်တွင်လည်း ထိုအကြမ်းဖက် စစ်တပ်စစ်ကြောင်းကို နနွင်းကိုင်းကျေးရွာ အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်း ဖက် စစ်တပ် စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦးရှိကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများကို ရေစကြိုမြို့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ဒဏ်ရာ ပြင်းထန်သော စစ်သား ၅ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ကျည်ဖူး ၁ ခု ၊ ၆၀ မမ ၁၁ လုံး၊ 5.56 ကျည် ၁၅၀ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်း ရေစကြိုမြို့ဘက်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး စက်လှေများဖြင့် စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
“စစ်ခွေး သေစာရင်းက စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပါတယ်။ စစ်ခွေးသေစာရင်း ၁၀ ဦးသေဆုံးပြီး ထပ်တိုးသေဆုံးတာမျိုးရှိသေးလားဆိုတော့ နောက်ထပ်တော့ မကြားသေးဘူး။ ပြင်းထန်တော့ ကျန်သေးတယ်ပြောတယ်။ စစ်ခွေးစစ်ကြောင်းကို တိုက်ခိုက်တာ ဇန်နဝါရီလ ၅ ရက်နေ့က ၂ ကြိမ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားကတော့ ၂၀၀ နီးပါးပါတယ်။ လက်ရှိတော့ စစ်ခွေး စစ်ကြောင်းက ပခုက္ကူ ၁၀၁ လက်အောက်ခံ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းထဲကို ပြန်ဝင်သွားပြီ။ စစ်တပ် စစ်ကြောင်းတွေကို အမြန်သုတ်သင်ရှင်းလင်းဖို့ ပြည်သူတွေအနေနဲ့ တတ်နိုင်သည်ဘက်က ဝိုင်းဝန်း ကူညီပေးစေချင်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ခဲယမ်းကျည်များစွာ အသုံးပြုလိုက်ရသည့်အတွက် အလှူရှင်များအနေနဲ့ ကျေးရွာတပ်ပေါင်းစု (Myaung)ကို အားဖြည့် ကူညီပေးစေချင်ပါတယ်” ဟု ကျေးရွာတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ ကိုဝေကြီးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပကဖ ဆက်သွယ်ရေးတာဝန်ခံဦးဆောင်သည့်အဖွဲ့ ၊ ကျေးရွာတပ်ပေါင်းစု(Myaung)၊ RBDF(Myaung)၊ 9 Brothers(Myaung) ၊ Thwaythauk Revolution Forces ၊ 11Brothers ၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၁)27RF လက်နက်ကြီးအဖွဲ့ ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၄) MSPDF ၊ မြောင်မြို့နယ်ရှိ ပကဖအင်အားစုနှင့် အခြားမဟာမိတ်များစွာတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေတောင်ကုန်း ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွှေကြို့ပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ စစ်ကူပေးရန် ထွက်လာသော ကား ၁ စီးနှင့် ဆိုင်ကယ် ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ဆိုင်ကယ် ၂ စီးလဲကျသွားသည်ကို တော်လှန်ရေး တပ်ဖွဲ့များက မျက်မြင်တွေရှိခဲ့ပြီး စစ်သားများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်သည် သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ကားများဖြင့် ရွှေတောင်မြို့ကုတင် ၁၀၀ စစ်ဆေးရုံ သို့သယ်ဆောင်သွားကြောင်း သိရသည်။
“ကျနော်တို့ ဝင်ပစ်တာက သဲကုန်းမြို့နယ် ရွှေတောင်ကုန်း စစ်ခွေးဂိတ်စခန်းကိုပါ အဲတိုက်ခိုက်မှာ စစ်ခွေး ၃ ကောင်သေပြီး ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်။ နောက်ပြီး ရွှေကြို့ပင်ရွာ စစ်ခွေး အထိုင်ကနေ စစ်ကူပေးဖို့ ထွက်လာတဲ့ ကား ၁ စီးနဲ့ ဆိုင်ကယ် ၃ စီးကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ဆိုင်ကယ် ၂ စီးကတော့ လဲကျသွားတာကို မျက်မြင်တွေ့ရှိခဲ့တယ်။ သေဆုံးတာရှိ၊မရှိကတော့ မသိရသေးဘူး။ သူတို့ ခွေးအလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ရွှေတောင်မြို့ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဗျူဟာ ၂၁ မှ ဦးစီး၍ ပြည်ခရိုင်အမှတ် ၁ ၃၆၀၁တပ်ရင်း တပ်ခွဲ ၁ နှင့်သဲကုန်းမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





